ခင်သရဖီဦး
စစ်ကောင်စီတပ်သည် မြောက်ဦးမြို့အား ဗုံးကြဲတိုက်ခိုက်ပြီးနောက်တစ်ရက် ယနေ့တွင် မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ ညနေ ၃ နာရီခန့်အချိန်တွင် စစ်ကောင်စီက Y-12 တစ်စီးဖြင့် ဗုံး နှစ်ကြိမ် ကြဲချခဲ့ခြင်းဖြစ်သည်။
အဆိုပါဗုံး နှစ်လုံးမှာ ကျောက်ခုတ်ကျေးရွာအနီး အပြင်ဘက်ရှိ ကွင်းပြင်တစ်နေရာကို ကျရောက်ခဲ့သည့်အတွက် လူအထိအခိုက်မရှိဟု ဒေသခံများက ဆိုသည်။
အသက် ၃၀ အရွယ် မင်းပြားဒေသခံတစ်ဦးက ”ရွာနားက ကွင်းပြင်မှာ ကျတယ်လို့ သိရပါတယ်။ ကွင်းပြင်မှာ ကျတာဆိုတော့ ဒေသခံပြည်သူတွေ အထိအခိုက်တော့ မရှိပါဘူး” ဟု ပြောသည်။
ဗုံးကြဲခံရပြီးနောက် ၎င်းကျေးရွာသားများမှာ ဘေးလွတ်ရာသို့ တိမ်ရှောင်နေကြရသည်ဟုလည်း သိရသည်။
၎င်းက ဆက်ပြီး ”အထိအခိုက်မရှိပေမယ့် နောက်တစ်ခေါက် ဗုံးလာကြဲမှာကို စိုးရိမ်တာကြောင့်ပေါ့လေ” ဟု ဆိုသည်။
မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာတွင် အိမ်ခြေ ၇၀၀၊ လူဦးရေအားဖြင့် ၄၀၀၀ ခန့် ရှိသည့် ကျေးရွာ တစ်ရွာလည်းဖြစ်သည်။
စစ်ကောင်စီသည် ယမန့်နေ ဩဂုတ်လ ၂၅ ရက်ကလည်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အား လူအိပ်ချိန် ည ၁၁ နာရီခွဲခန့်တွင် အလှူလုပ်နေသည့် နေအိမ်အပါအဝင် ရပ်ကွက်အတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် သုံးဦးအပါအဝင် ဒေသခံ ၁၂ ဦး သေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နိုင်ငံတစ်ဝှမ်း စစ်ရှုံးခဲ့သော စစ်ကောင်စီသည် စစ်ဘက်နှင့် မသက်ဆိုင်သည့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများနှင့် လူနေထူထပ်သော မြို့ရွာ၊ ရပ်ကွက်နေရာများ စသည့် အပြစ်မဲ့ ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်သည့် လုပ်ရပ်များ၊ လူစိတ်ကင်းမဲ့သော တိုက်ခိုက်မှုမျိုးကို အာရက္ခဒေသအတွင်းသာမက နိုင်ငံအနှံ့အပြား၌ နေ့စဉ်ရက်ဆက်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်လျက်ရှိသည်ဟု အာရက္ခတပ်တော် (AA ) က ထုတ်ပြန်ထားသည်။
#မင်းပြား #စစ်ကောင်စီ #ဗုံးကြဲ #ThanLwinKhetNews