ခင်သရဖီဦး
အာရက္ခတပ်တော် AA ၏ နောက်ဆုံးသိမ်းပိုက်ရရှိရန် ကျန်ရှိနေသည့် မြို့သုံးမြို့ထဲမှ တစ်မြို့ဖြစ်သည့် ကျောက်ဖြူတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ကြား နှစ်ဖက် အပြန်အလှန် ထိုးစစ် ပြင်းထန်ဖြစ်ပွားနေသည်ဟု စစ်ရေးနှင့် နီးစပ်သူများထံမှ သိရသည်။
အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ကြား ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ် မှ စတင်ကာ လက်ရှိအချိန်ထိ နှစ်ဖက်ထိုးစစ်ဆင် ပြင်းထန်လာခြင်းဖြစ်သည်ဟု အာရက္ခတပ်တော် AA နှင့် နီးစပ်သည့် အသက် (၃၀) အရွယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ ” တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်ထိုးစစ်လုပ်နေတာ ရှိတယ်။ တိုက်ပွဲကတော့ ပြင်းပါတယ်။ နှစ်ဖက် အထိအခိုက်လည်း များပါတယ်။ တစ်ဖက်က ရပ်နေရင် တစ်ဖက်က လာတိုက်တယ်။ အဲလို သွားနေတာပါပဲ။ တိုက်ပွဲကတော့ ပြင်းတယ်လို့ ပြောလိုရပါတယ်။”ဟု ဆိုသည်။
စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့မှာ ဓညဝတီရေတပ်ဌာနချုပ်အနီးတွင် ယင်းကဲ့သို့ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကာ စစ်ကောင်စီ၏ ကာကင်းစခန်းတချို့ဖြစ်သည့် စည်မော်၊ ကပ်သပြေ၊ ရှောက်ချင်းစသည့် ကာကင်းစခန်းငယ်တချို့ကို အာရက္ခတပ်တော် AAက သိမ်းပိုက်လိုက် ပြီးနောက် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန် ယင်းနေရာများအား ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
ထို့အပြင် တိုက်ပွဲအတွင်းတွင်လည်း စစ်ကောင်စီတပ်အနေဖြင့် ဒရုန်းအသုံးပြု၍ အဓိက တိုက်ခိုက်နေကြောင်း လည်း ၎င်းက ဆက်ပြောသည်။ ” စစ်တပ်ဖက်ကတော့ အဓိက ဒရုန်းတွေနဲ့ တိုက်ခိုက်တာရှိတယ်။ လက်နက်ကြီးတွေနဲ့လည်း နေ့ရော ညရော မနားတမ်း လှမ်းပစ်ခတ်တာတွေရှိတယ်။ ” ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် ရခိုင်တွင် စစ်တွေနှင့် ကျောက်ဖြူဖက်တို့တွင် ရေတပ်မှစခန်းများမှ လက်နက်ကြီးများဖြင့် လည်းကောင်း ၊ အထိုင်ချစခန်းများမှနေ၍ လည်းကောင်း လက်နက်ကြီး၊ ဒရုန်းစသည့်တို့ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက်လုပ်နေသည်ဟု သိရသည်။ ထို့အပြင် ရွေးကောက်ပွဲကျင်းပရန် ကြိုးစားနေသည့် စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နေရာများအား နေ့စဉ် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။