ခင်သရဖီဦး
အများသူငှာ အိပ်မောကျချိန် ယမန့်နေ ည ၁၁ နာရီခွဲအချိန်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ အောပ်တပ်အုပ်စု၊ ဒိုင်းကျီ ရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးတစ်လုံး ကြဲချခဲ့သည့်အတွက် ဒေသခံ ကလေးငယ် သုံးဦးအပါအဝင် ၁၁ ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ထို့အပြင် ဒေသခံ၂၄ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း သိရသည်။ ညသန်းခေါင် လူခြေတိတ်ချိန်တွင် ပေါင် ၅၀၀ ဗုံး ကြဲချခံခဲ့ရသည့်အတွက် မိသားစု တစ်စုတည်းမှ ခြောက်ဦးအထိ သေဆုံးမှုရှိခဲ့ခြင်းဖြစ်သည်ဟု မြောက်ဦးမြို့ခံ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
၎င်းက “၁၈ အောက် ကလေးငယ်က သုံးဦး ပါပါတယ်။ လူတွေ အိပ်နေတဲ့ အချိန်မှာ ကျလာတာပါ။ မိသားစုတစ်စုကဆို ခြောက်ယောက်လုံး သေသွားပါတယ်။ သက်ကြီးပိုင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်'”ဟု ပြောသည်။
ထို့အတူ ထိခိုက်ဒဏ်ရာရသူများမှာလည်း ပြင်းထန်သောကြောင့် သေဆုံးသူ အရေအတွက်မှာလည်း ဆက်လက်တိုးလာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။ ”အခင်းဖြစ်တဲ့ နေရာမှာ သေတာက ၁၁ ယောက်ပေါ့လေ။ အခု ထိခိုက်ဒဏ်ရာရရှိတဲ့လူတွေမှာလည်း ဒဏ်ရာ ပြင်းထန်တဲ့ လူတွေပါပါတယ်” ဟု ၎င်းက ဆိုသည်။
မြောက်ဦးတွင် စစ်ပွဲဖြစ်ပွားခြင်းနှင့် မည့်သည့် ထူးခြားမှု တစ်စုံတစ်ရာမရှိဘဲ ယခုကဲ့သို့ ပစ်ခတ်မှုများကြောင့် ဒေသခံများမှာ စိုးရိမ်မှု မြင့်တက်နေကြသည်။ မြောက်ဦးတွင် နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက “ဘာမှ ထူးခြားဖြစ်စဉ်မရှိဘဲ ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ နေနေကြတာကို အခုလိုမျိုး ပစ်တယ်ဆိုတာက စစ်ကောင်စီက လူသတ်ချင်လို့ သတ်နေတာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်က အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို ဆက်တိုက်ကျူးလွန်နေတာသာဖြစ်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့် အာရက္ခတပ်တော် ထိန်းချုပ်သိမ်းပိုက်ထားသည့် မြို့၊ ကျေးရွာများအား ယခုကဲ့သို့ မကြာခဏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။