နှောင်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁ )ရက်တွင် စစ်အာဏာသိမ်းမှု စတင်ပြီး ၄ နှစ် ကျော်ကြာကာလအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုနှင့် သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၁၇၇၆ ဦးနှင့် ကလေး ၈၇၄ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က သြဂုတ်၂၂ ရက်တွင် ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် သြဂုတ် ၂၂ရက်အထိ ကောက်ယူထားသည့် အချက်အလက်များအရ သေဆုံးသူပေါင်း ၇၁၂၀ ဦးရှိပြီး စုစုပေါင်းအဖမ်းခံရသူ ၂၉၅၈၀ ဦးနှင့် စုစုပေါင်းသေဒဏ် ၁၇၃ဦး ရှိသည်ဟု ဖော်ပြထားသည်။ အဆိုပါအခြေအနေနှင့်ပတ်သက်၍ နိုင်ငံရေးအကျဥ်းသူဟောင်း မယုမိစံက “နိုင်ငံရေးအကျဥ်းသား တွေထဲမှာဆိုရင်အရွယ်မရောက်သေးတဲ့ကလေးတွေပါဝင်နေတယ်။ စစ်ကြောရေးမှာ လူမဆန်စွာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရတာတွေကြောင့် လုံးဝအစပျောက်သွားတဲ့ အမျိုးသမီးတွေ အမျိုးသားတွေ ကလေးငယ်တွေအများကြီးပါပဲ” ဟု ပြောသည်။
တစ်ဖက်တွင်လည်း ဆန္ဒပြမှုများ အပေါ် နှိမ်နင်းမှု၊ စစ်ကြောရေး၌ ညှင်းပန်းနှိပ်စက်မှု၊ နေအိမ်မီးရှို့ဖျက်ဆီးမှု များနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူအများအပြား သေဆုံးခဲ့ရသည်။ “နောက်ပိုင်းတော်လှန်ရေးမှာ အများဆုံးကျန်ရှိခဲ့သူတွေကိုကြည့်မယ်ဆိုရင် အမျိုးသမီးနဲ့ကလေးငယ်တွေက အများဆုံးဖြစ်တယ်။ အမျိုးသမီးနဲ့ကလေးငယ်တွေ ရွာတွေမှာရှိနေတဲ့အချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ မြေပြင်တိုက်ခိုက်မှုတွေက အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတဲ့အပေါ်မှာ သေဆုံးမှုတွေ မြင့်တက်လာတယ်လို့ ယူဆတယ်” လို့ မြန်မာ့အမျိုးသမီး သမ္မဂ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဒေါ်ယဥ်မျိုးလှိုင်မှ ပြောသည်။
၄င်းကဆက်လက်၍ “မျိုးဆက်သစ်လူငယ်တွေ အသက်ဆုံးရှုံးရတာကလည်း ခေါင်းဆောင်မှုပြတ်တောက်နိုင်တဲ့ အခြေအနေကိုအများကြီးတွေ့ရတယ်။ ဒီလိုလူငယ်တွေက အနာဂတ်တွေဆုံးရှုံးသွားတယ်။ တစ်ဖက်မှာလည်းနိုင်ငံအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်။ ဒီလိုမျိုး မြေပြင်တိုက်ခိုက်မှုတွေနဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေက အပြစ်မဲ့ပြည်သူတွေ အပေါ် ပစ်မှတ်ထား မလုပ်ဆောင်သင့်ဘူး။” ဟု ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့ ပြည်သူ အများစု နေရပ် စွန့်ခွာထွက်ပြေးကာ စစ်ဘေးရှောင်စခန်းများ၌ ပြောင်းရွှေ့နေထိုင်နေကြရသည်။ ၂၀၂၁ နောက်ပိုင်းကာလမှစ၍ မြန်မာပြည်သူများ အလုပ်အကိုင်နှင့် လုံခြုံရေးအခက်အခဲများကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာသူပိုမိုများပြားလာသည်။
ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းရောက်ရှိလာသော်လည်း မိမိတို့မျှော်မှန်းခဲ့သည့်အတိုင်း ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများမရရှိနိုင်သေးဘဲ၊ အလုပ်အကိုင်ရှားပါးမှုနှင့် လူနေမှုဘဝအခက်အခဲများကိုလည်း ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။ စစ်ကောင်စီသည် ယခုအချိန်ထိ အကြမ်းဖက်နှိပ်စက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်ကျူးလွန်နေဆဲ ဖြစ်သည်။
ထို့အပြင် လာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားကာ ရွေးကောက်ပွဲ ဖြစ်မြောက်စေရန် စစ်ကောင်စီမှ စီစဉ်လျက်ရှိသည်။