မြန်မာစစ်တပ်အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာများအား ရက်စက်စွာ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းကို ကျူးလွန်ခဲ့သည်မှာ ၈ နှစ်ပြည့်ပြီဖြစ်သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တရားမျှတမှု ဖော်ဆောင်ပေးရန် ပျက်ကွက်နေဆဲဖြစ်သည်ဟု Special Advisory Council for Myanmar မှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ၂၀၁၇ ဩဂုတ်လ ၂၅ ရက်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာစစ်တပ်မှ နယ်မြေရှင်းလင်းသည့် အချိန် ရိုဟင်ဂျာများအား သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား မုဒိမ်းကျင့်ခြင်းနှင့် ဒေသခံများကို ညှင်းပန်းနှိပ်စက်ခြင်းကြောင့် လူပေါင်း ၇ သိန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထိုသို့ မြန်မာစစ်တပ်၏ ရိုဟင်ဂျာများ အပေါ် လူ့အခွင့်အရေးချိုးဖောက်၍ ညှင်းပန်းနှိပ်စက်မှုများအတွက် တရားမျှတမှုရှာဖွေပေးရန် ပျက်ကွက်နေသည့် နိုင်ငံတကာအသိုင်းအဝိုင်းများအားလည်း မေးခွန်းထုတ်လိုသည်ဟု Special Advisory Council for Myanmar
က ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
“ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်သူတွေနဲ့ ကြိုးကိုင်အမိန့်ပေးသူတွေဖြစ်တဲ့ မြန်မာစစ်တပ်ဟာ ဒီနေ့အထိ ပြစ်ဒဏ်ကင်းလွတ်ခွင့်အပြည့်နဲ့ လုပ်ချင်ရာ လုပ်လို့ ရနေတုန်းပါပဲ” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) မှ Marzuki Darusman က ပြောသည်။
ထိုကြောင့် ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်ခံရမှု ပြန်လည်အောက်မေ့ဖွယ်အဖြစ် ထိခိုက်သေဆုံးခဲ့ရသူများနှင့် ရှင်သန်ကျန်ရစ်သူများအားလုံးကို ပြန်လည်အောက်မေ့ဂုဏ်ပြုပြီး လက်ရှိအချိန်ထိ ရိုဟင်ဂျာများ ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများအား မမေ့ဟုလည်းဆိုသည်။
လွန်ခဲ့သည် ၈ နှစ် ယနေ့လိုနေ့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်သည် ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်း (Security outposts) ၃၀ နှင့် တပ်ရင်းဌာနချုပ် တစ်ခုကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အတူ အပြစ်မဲ့အရပ်သား ပြည်သူများ သေဆုံးခဲ့ရသည်ဟု မြန်မာစစ်တပ်က ပြောဆိုထားသည်။
ထို့ကြောင့် လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းစေရန် အတွက် တည်ဆဲဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့် အညီ အရေးယူ တုံ့ပြန်ခဲ့ခြင်းသာ ဖြစ်သည်ဟု ၎င်းတို့ပိုင်မီဒီယာများတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ၂၀၂၄ မေလတွင် ဘူးသီးတောင်မြို့နယ်၌ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ် စုစုပေါင်း ၆၀၀ ခန့်ကို အာရက္ခတပ်တော် AA မှ သတ်ဖြတ်ခဲ့သည့် သက်သေများလည်း ရှိနေသည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။
“လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ရခိုင်ပြည်နယ်ထဲ ဝင်ရောက်ပြီး စွပ်စွဲထားတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို စုံစမ်းစစ်ဆေးခွင့်ရအောင် စီစဉ်ပံ့ပိုးပေးဖို့နဲ့ သူတို့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ လက်တွေ့တရားဝင်အုပ်ချုပ်သော အာဏာပိုင်ဖြစ်တဲ့ အာရက္ခတပ်တော်ကို ကျွန်မတို့ ထပ်ပြီး တောင်းဆိုပါတယ်” ဟု SAC-M မှ Yanghee Lee က ပြောသည်။
အဆိုပါ စွပ်စွဲချက်နှင့် ပတ်သက်၍ AA မှ ငြင်းဆိုထားပြီး ယင်းဒေသတွင် နေထိုင်သည့် အစ္စလာမ် ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက်အဖွဲ့မှ လူပေါင်း ၁၆၀ ခန့်ကလည်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် ရုပ်အလောင်းများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများသာ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှ စ၍ ရိုဟင်ဂျာ တစ်သိန်းခွဲခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းများတွင် ယခင်ကတည်းက ရှိနေသည့် ရိုဟင်ဂျာ တစ်သန်းကျော်နှင့် အတူနေထိုင်နေရသည်ဟု သိရသည်။ လက်ရှိတွင် အမေရိကန်နှင့် အခြား အလှူရှင်နိုင်ငံများက အကူအညီ ဖြတ်တောက်လိုက်ခြင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်များမှာ စားဝတ်နေရေး အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။
ဓါတ်ပုံ -UN Myanmar
ပုံစာ- ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာများအား WFP မှ ကူညီထောက်ပံ့မှုများ ပေးနေပုံ (ပုံဟောင်း)