စစ်ကောင်စီက ဩဂုတ်လ ၂၀ ရက် နေ့လယ်ပိုင်းနှင့် ညနေပိုင်းတွင် နွားထိုးကြီးမြို့နယ် မလည်ကျေးရွာကို Y12 လေယာဉ်ဖြင့် ဗုံးအလုံးရေ စုစုပေါင်း ၇၃ လုံး အထိ ကြဲချခဲ့ခြင်းကြောင့် ဒေသခံများ၏ နေအိမ်အဆောက်အအုံများ ပျက်စီးသွားခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဩဂုတ်လ ၂၀ ရက်က အင်အား ၃၀၀ ပါ စစ်ကောင်စီ စစ်ကြောင်းသည် မလည်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီးနောက် ရွာအနီးက ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တစ်နေကုန်နီးပါးခန့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ အဆိုပါ တိုက်ပွဲကြောင့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
ထိုကြောင့် ယခုကဲ့သို့ မလည်ကျေးရွာအား စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက သုံးသပ်သည်။ အဆိုပါ စစ်ကြောင်းသည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှတဆင့် နွားထိုးကြီးမြို့နယ်ထဲသို့ ဩဂုတ်လ ၁၅ ရက်တွင် ရောက်ရှိပြီး သူစိုးကျေးရွာတွင် တပ်စွဲထားကာ ရွာသားများအား ဖမ်းဆီးသတ်ဖြတ်ခြင်းအပြင် ခွေး၊ နွားတိရိစ္ဆာန်များကိုပါ ပစ်ခတ်သတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ၂၁ ရက် မနက်အစောပိုင်းကလည်း စစ်ကောင်စီတပ် စစ်ကြောင်းက မလည်ကျေးရွာနှင့် ကပ်လျက်ရှိသည့် သဲတောကျေးရွာအား မီးရှို့ခဲ့သောကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ထို့အပြင် ဩဂုတ် ၂၁ ရက် ညနေပိုင်းကလည်း သူစိုးကျေးရွာအား စက်တပ်လေထီးဖြင့် မီးလောင်ဗုံး ကြဲချ တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က မလည်ကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ရွာအနီးတဝိုက်တွင်လည်း စစ်ကြောင်းများ ခွဲဖြန့်ထားခြင်းကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရေး တင်းမာလျက်ရှိသည်။ ထိုသို့ မလည်ကျေးရွာအနီးတဝိုက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယခု လောလောဆယ်တွင် မလည်ကျေးရွာအပါအဝင် ၎င်းကျေးရွာအနီးက ကျေးရွာပေါင်း ၂၀ ဝန်းကျင်မှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။