ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲအတွင်း ထန်းရှောက်ခံကျေးရွာမှ ရွာသား ၆၀၀ အား အာရက္ခတပ်တော် (AA) က သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်နှင့် ပြောဆိုချက်များသည် ဒေသအတွင်းရှိ မူဆလင်များနှင့် ရခိုင်လူမျိုးတို့ကြား သဟဇာတဖြစ်မှုကို အထင်လွဲမှားစေရန် ဝါဒဖြန့်ခြင်းသာဖြစ်သည်ဟု အစ္စလာမ် ဘာသာရေးခေါင်းဆောင်များမှ ဩဂုတ်လ ၂၃ ရက်တွင် သဘောထားချက် ထုတ်ပြန်လိုက်သည်။
ထန်းရှောက်ခံဖြစ်စဉ်သည် အာရက္ခတပ်တော်အား စွပ်စွဲပြောဆိုမှုများသာဖြစ်ပြီး ဒေသတွင်း သဟဇာတ ဖြစ်မြောက်ရေးကို များစွာ ဆုတ်ယုတ်စေသည်ဟု မောင်တောခရိုင် အစ္စလာမ်ဘာသာဝင် ဘာသာရေးခေါင်းဆောင် တစ်ဦးဖြစ်သူ မော်လဝီ မာမတ်အာလီက ဆိုသည်။
”အဓိက ရည်ရွယ်ချက်ကတော့ ထန်းရှောက်ခံမှာ အာရက္ခတပ်တော်က လူ ၆၀၀ သတ်လိုက်တယ်ဆိုပြီးတော့ ပြင်ပမှာ နိုင်ငံရေး အကျိုးရှာတဲ့ လူတွေက ဝါဒ ဖြန့်နေတာက လိမ်လည်ပြီးတော့ လုပ်နေကြတာ ဖြစ်ပါတယ်။ အဲဒါတွေကို ပြည်တွင်းမှာ ရှိနေတဲ့ ရခိုင်-မူဆလင် သဟဇာတ ဖြစ်နေတာကို ဆုတ်ယုတ်မှုတွေဖြစ်မယ်ဆိုပြီးတော့ ကျနော်တို့ ပြည်တွင်းမှာ ရှိတဲ့ မောင်တောခရိုင်က အကြီးအကဲတွေ၊ ဘာသာရေးခေါင်းဆောင်တွေ တက်ကြွတဲ့လူငယ်တွေနဲ့ တိုင်ပင်ပြီးတော့ ထုတ်ပြန်ချက် ထုတ်ရတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်က ထန်းရှောက်ခံရွာတွင် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရာနှင့်ချီ၍ သေဆုံးခဲ့သော အလောင်းများကို ရွာသား ၆၀၀ ကျော်၏ အရိုးစုများဖြစ်ကြောင်း စွပ်စွဲပြောဆိုရေးသားဖော်ပြမှုများသည် မဟုတ်မှန် လိမ်လည်လုပ်ကြံဖန်တီးခြင်းသာ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းကဲ့သို့ လုပ်ကြံဖန်တီး ဝါဒဖြန့်ခြင်းသည် ဒေသတွင်း အတူနေ ရခိုင်နှင့် မူဆလင်လူမျိုးများအကြား သဟဇာတဖြစ်ရေး၊ အတူယှဉ်တွဲနေထိုင်ရေးကို ထိခိုက်ပျက်ပြားစေရုံမက အမုန်းတရားများ၊ အထင်အမြင်လွဲမှားမှုများ၊ မယုံကြည်မှုများကိုသာ ဖြစ်ပေါ်စေပြီး နိုင်ငံရေးရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးနှစ်မျိုးကို မသင့်မြတ်အောင် ရန်တိုက်ပေးသည့် လုပ်ရပ်များသာဖြစ်သည်ဟု ဆိုသည်။
၎င်း မော်လဝီ မာမတ်အာလီက ဆက်လက်ပြီး နိုင်ငံခြားရောက် နိုင်ငံရေးသမား အရည်ခြုံများအနေဖြင့် ချဲ့ကားပြောဆိုမှုများကို ကန့်ကွက်ကြောင်းလည်း ပြောသည်။ “နောက်တစ်ခုကတော့ ပြင်ပကို ရောက်နေကြတဲ့ အရည်ခြုံ ကိုယ်ကျိုးရှာသူ နိုင်ငံရေးသမားတွေက အခု စည်းလုံးနေတာတွေကို ဖြိုဖျက်ဖို့ လုပ်နေတာကိုလည်း ကျွန်တော်တို့ဘက်က အားလုံး စုပေါင်းပြီးတော့ ကန့်ကွက်ပါတယ်။ မဖြစ်ခဲ့တာတွေကို ချဲ့ကားပြီးတော့ သူတို့ ပြောဆိုတာ ဖြစ်ပါတယ်။ အဲဒါတွေကို ကန့်ကွက် ရှုတ်ချဖို့အတွက် ကျနော်တို့ ထုတ်ပြန်ချက် ထုတ်ရတာဖြစ်ပါတယ်” ဟု ဆိုသည်။
ယင်းထုတ်ပြန်ချက်အား မောင်တောခရိုင်အတွင်းရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ အကြီးအကဲများ၊ လူမူရေးအသင်းအဖွဲ့ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်ရှင်းများ၊ မြို့မိမြို့ဖများ တက်ကြွလှုပ်ရှားသူများနှင့် လူငယ်ခေါင်းဆောင်များ စုစုပေါင်းလူဦးရေး ၁၆၀ မှ လက်မှတ်ရေးထိုးထုတ်ပြန်ထားခြင်းဖြစ်သည်။