ကရင်လက်နက်ကိုင်အစုအဖွဲ့တစ်ခုဖြစ်သော ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယဗိုလ်မှူးကြီး စောစလုံးကို ရာထူးမှ အပြီးအပိုင် ထုတ်ပယ်လိုက်သည်ဟု DKBA ဗဟိုစစ်ဌာနချုပ်ရုံး (ဆုံဆည်းမြိုင်)က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဒုတိယဗိုလ်မှူးကြီး စောစလုံးသည် DKBA ဒုတိယစစ်ဦးစီးချုပ်၏လုံခြုံရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း အဖွဲ့အစည်းမျှ ချမှတ်ထားသော စစ်စည်းကမ်းပုဒ်မ (၂)၊ ပုဒ်မ (၁၃)နှင့် (၁၄)တို့အား လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ၎င်းသည် အထက်မှ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန် ပျက်ကွက်ခဲ့သည့်အပြင် မိမိတာဝန်ထက် ကျော်လွန်ပြီး လုပ်ဆောင်ခြင်း၊ ဆင့်ကဲတင်ပြရန် ပျက်ကွက်ခြင်းစသော စစ်စည်းကမ်းများကို လိုက်နာခြင်းမရှိသောကြောင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)မှ အပြီးအပိုင်ထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု ထည့်သွင်းရေးသားထားသည်။
စောစလုံးသည် DKBA တွင် ယခင်က စစ်ကြောင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလတွင် ယခင် ဗိုလ်မှူးချုပ် စောနယ်ဒါးမြဦးဆောင်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့- KNDOသို့ ဘက်ပြောင်းခဲ့သည်။
၎င်းနောက်ပိုင်းတွင် KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြမှာ ရာထူးမှ ရပ်ဆိုင်းခံပြီးနောက် ကော်သူးလေအာမီ(KTLA)ကို အသစ်ဖွဲ့စည်းလိုက်ရာ စောစလုံးအား KTLA ၏ အထူးကွန်မန်ဒိုတပ်ရင်း ဆင်ဖြူစစ်ကြောင်းတပ်ရင်းမှူးအဖြစ် ဦးဆောင်စေခဲ့သည်။
၎င်းနောက်ပိုင်းတွင် ကော်သူးလေအာမီ-KTLA တပ်အတွင်း၌ တပ်တွင်းပြသနာများကျူးလွန်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် DKBA ထံသို့ ယခုနှစ် ဧပြီလ ၂၆ ရက်တွင် တပ်ဖွဲ့ဝင် (၃) ဦးနှင့်အတူ ပြန်လည်ဘက်ပြောင်းဝင်ရောက်လာခဲ့သည်။