အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC အနေဖြင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေး အစုအဖွဲ့များနှင့် ဘုံသဘောတူညီချက်ရရှိရန် ကြိုးစားသွားမည်ဟု ဩဂုတ် ၂၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပြည်နယ်အတွင်း နေထိုင်သူများ၏ ဆန္ဒအား အခြေခံ၍ ပြည်နယ်/ ဖက်ဒရယ်ယူနစ် အားကောင်းစေရန် ပြည်နယ်/ ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး Bottom- up Federalism ချဉ်းကပ်မှုဖြင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်သည့်အထိ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ က ထုတ်ပြန်ထားသည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး အတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသည့် အဖွဲ့များနှင့် ဘုံသဘောထားရပ်တည်ချက်မှ ဦးတည်ချက် ၆ ရပ်အား ကိုင်စွဲသွားမည်ဟု ဆိုသည်။
အသွင်ကူးပြောင်းရေး အတွက် ဖက်ဒရယ် အသွင်ကူးပြောင်းရေးကာလ အစီအမံဆိုင်ရာ အခြေခံဥပဒေကို အမြန်ဆုံးရေးဆွဲ အတည်ပြုပြဌာန်းပြီး လက်ရှိ ထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေများတွင် စတင်ပြဌာန်း ကျင့်သုံးသွားမည်ဟု ဆိုသည်။ တော်လှန်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်တွင် ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချရသည့် နေရာများတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရေးအပြင် အမျိုးသမီးများ၏ ရပိုင်ခွင့်၊ အကာအကွယ်များကို အမျိုးသားညီညွတ်ရေးအစိုး အတိုင်ပင်ခံ ကောင်စီမှ အတည်ပြုထားသည့် ဂျဲန်ဒါရပ်တည်ချက်စာတမ်းပါ ပြဌာန်းချက်များနှင့် အညီ လိုက်နာ ကျင့်သုံးသွားမည်ဟုလည်း ရေးသားထားသည်။
မသန်စွမ်းသူများ၏ လိုအပ်ချက်များကို သိနားလည်ပြီး ခွဲခြားကန့်သတ်ထားချက်များမရှိစေရန် ပတ်ဝန်းကျင်နှင့် ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေး၊ စီးပွားရေး၊ ဝင်ငွေရရှိရေး၊ ဥပဒေဆိုင်ရာအကူအညီများ ရရှိရေး၊ ပြန်လည်ထူထောင်ရေး စသည့် ဝန်ဆောင်မှုများတွင် မသန်စွမ်းသူများပါ အကျုံးဝင်သည့် မူဝါဒများ၊ ဥပဒေများ ချမှတ်ဆောင်ရွက်သွားမည်ဟု သိရသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံရေးရပ်တည်ချက်နှင့် အခြေခံမူ စုစုပေါင်း ၁၆ ချက်ပါတွင်သည်။ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဦးတည်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ရေးကို ဖော်ဆောင်သွားမည်ဟု ဆိုသည်။ ထို့အပြင် နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများအား နယ်စပ်ဖြတ်ကျော် ကူညီဆောင်ရွက်ရေး နည်းလမ်းများဖော်ဆောင်၍ တော်လှန်ရေးအဖွဲ့အစည်းများနှင့် တိုက်ရိုက် ချိန်ဆက်ဆောင်ရွက်မည်ဟုလည်း ဆိုသည်။ ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ တော်လှန်ရေး ဘုံနိုင်ငံရေးသဘောတူညီချက် Common Political Agreement အား ရေးသား အတည်ပြုနိုင်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။