ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား နိုင်ငံတကာမှ ကူညီထောက်ပံ့နေသည့် အကူအညီများ ရပ်ဆိုင်းလိုက်ပြီးနောက် စခန်းတာဝန်ရှိသူများမှ ရွေးချယ်ရန် နည်းလမ်း သုံးမျိုးအား ရှင်းပြကာ ရွေးချယ်ခိုင်းထားသည်ဟု ဒုက္ခသည်များထံမှ သိရသည်။
အဆိုပါ စခန်းတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက “မနေ့က ကျွန်မတို့ဆီမှာ ရပ်ကွက်အကြီးအကဲက ပြောတယ်။ နံပါတ် ၁ က ဒီမှာပဲ နေမလား။ နံပါတ် ၂ က ကိုယ်နေတဲ့ နေရပ်ကို ပြန်မလား။ နံပါတ် ၃ က တတိယနိုင်ငံ သွားမလားပေါ့။ တကယ်လို့ နေရပ်ပြန်မယ်ဆိုရင် စာရင်းသွင်း အချိန်ကျရင်တော့ တာဝန်ရှိသူတွေက အလကားပြန်ပို့မယ်။ တတိယနိုင်ငံသွားမယ် ဆိုရင်လည်း စာရင်းသွင်းထားပေါ့။ အချိန်တန်ရင် လာခေါ်မှာပေါ့။ အဲဒီမှာပဲ နေမယ်ဆိုတဲ့ လူတွေကတော့ ထိုင်းအာဏာပိုင်တွေက စောင့်ရှောက်ထားမှာပေ့ါနော်” ဟု ပြောသည်။
ယင်းစခန်းအတွင်းတွင် ဆက်လက်နေထိုင်လိုသူများနှင့် တတိယနိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသူများအား ထိုင်းအစိုးရမှ လုံလောက်သည့် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ထောက်ပံ့ထားမည်ဟု သိရသည်။ အဆိုပါကြေညာချက်ကို သိရှိပြီးနောက် ဒုက္ခသည်စခန်းအတွင်းက နေထိုင်သူ ၈၅ ရာခိုင်နှုန်းက တတိယနိုင်ငံသို့ သွားရောက်ရန် ရွေးချယ်မှုများ ရှိနေသည်ဟု စခန်းတွင်း နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။
၎င်းက “ဘာလို့ဆို စခန်းထဲမှာကလည်း ဘာအလုပ်မှ မရှိဘူး။ အပြင် အလုပ်ထွက်လုပ်ဖို့ကလည်း မလွယ်ဘူး။ စခန်းထဲ ရောက်လာကတည်းက တော်တော်များများရဲ့ ရည်ရွယ်ချက်က တတိယနိုင်ငံသွားဖို့ပဲ။ နောက်ပြီးနေရပ်ကလည်း စစ်ပွဲဖြစ်နေတော့ ဘယ်လိုမှ ပြန်လို့ အဆင်မပြေဘူး” ဟု ပြောသည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကျမ်းသစ္စာဆိုပြီးနောက်တွင် ပြည်ပနိုင်ငံများအား ထောက်ပံ့ကူညီနေသည့် လူသားချင်းစာနာမှု အကူအညီများအား လျှော့ချ ရပ်ဆိုင်းလိုက်ပြီး ဒုက္ခသည်များအား လက််ခံသည့် အစီအစဉ်ကိုလည်း ရပ်ဆိုင်းထားသည်။
သို့သော် ကရင်ဒုက္ခသည်များကော်မတီ-KRC ၏ ဦးဆောင်မှုဖြင့် မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား တတိယနိုင်ငံသို့ သွားရောက်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု အဆိုပါ စခန်းတွင်းတွင် နေထိုင်သူများမှ ပြောသည်။
လက်ရှိ မယ်လဒုက္ခသည်စခန်းတွင်း နေထိုင်သူ ငါးသောင်းခန့်ရှိသည်ဟု စာရင်းများအရ သိရသည်။