မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ Non-CDM မြို့နယ်အဆင့် လဝက ဦးစီးမှူးတစ်ဦးအား ဒေသကာကွယ်ရေးအဖွဲ့မှ ဖမ်းမိထားသည်ဟု သိရသည်။
ဩဂုတ်လ ၁၄ ရက် ညနေပိုင်းတွင် မလှိုင်မြို့မှ မိတ္ထီလာမြို့ဘက်သို့ ထွက်ခွာလာသော Non-CDM လဝကဦးစီးမှူးကို မိသားစုနှင့်အတူ မိတ္ထီလာ-မလှိုင်လမ်းပိုင်း တစ်နေရာတွင် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
“သူ့မိန်းမနဲ့ သားပါ တပါတည်းပါနေတဲ့အတွက် ဖမ်းဆီးလိုက်ရတာပါ။ လမ်းပိုင်းစစ်ဆေးရေးလုပ်ရာကနေ ဖမ်းမိတာပါ။ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်” ဟု ဒေသကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးကလည်း“ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်က ဟုတ်ပါတယ်။ မလှိုင်လဝက ဦးစီးမှူးက မိတ္ထီလာမြို့ပေါ်မှာ နေတာပါ။ မလှိုင်ကနေ မိတ္ထီလာကို အပြန်လမ်းမှာ ဖမ်းခံရတာပါ” ဟု အတည်ပြုပြောသည်။
ယင်းလဝကဦးစီးမှူး ဖမ်းဆီးခံရပြီးနောက် ညပိုင်းမှာပင် စစ်ကောင်စီတပ်က မိတ္ထီလာမြို့ပေါ်တွင် လက်နက်ကြီး၊ ဟောင်ဝစ်ဇာတို့ဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန သည် မှတ်ပုံတင်ပြုလုပ်သူ၊ အိမ်ထောင်စုဇယားပြုလုပ်သူ ပြည်သူများထံမှ ငွေတောင်းကြမ်းသည် ဌာနတစ်ခုလည်း ဖြစ်သည်။
ထို့အပြင် မိတ္ထီလာမြို့သည် စစ်ကောင်စီ၏ ရှမ်းတဲလေတပ်စခန်း အခြေစိုက်ရာမြို့ဖြစ်ပြီး စစ်ကောင်စီ အင်အားကောင်းသည့် မြို့တစ်မြို့လည်း ဖြစ်သည်။