ကရင်နီပြည်တွင် စိုက်ပျိုးလက်စ လယ်မြေများ ရေကြီးရေလျှံမှုများကြောင့် ပျက်စီးခြင်းနှင့် စစ်ကောင်စီ စစ်ကြောင်းများကြောင့် ရိတ်သိမ်းရန် အခက်အခဲများနှင့် ကြုံတွေ့နေရခြင်းကြောင့် စားနပ်ရိက္ခာရှားပါးမှု အခြေအနေ ပိုမို ဆိုးရွားလာနိုင်သည်ဟု ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC မှ တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။
“စစ်ကောင်စီက တောက်လျှောက် စစ်ကြောင်းတွေ ထိုးပြီးတော့မှ နယ်မြေချဲ့ နေတာရှိတယ်။ နောက် မိုးဗြဲဆည်ကိုလည်း ရေဖောက်ချတာရှိတယ်။ အရင်တပတ်က စပြီး။ ဒါကြောင့် ရေတွေ လွှမ်းသွားတဲ့ မရိတ်သိမ်းလိုက်နိုင်တဲ့ စပါးတွေ ရှိသလို စိုက်ပျိုးပြီးမှ ရေတွေ မြုပ်သွားတဲ့ စပါးခင်းတွေ ရှိတယ်။” ဟု IEC ၏ တာဝန်ရှိသူမှ ပြောသည်။
လက်ရှိ ကရင်နီပြည်တွင် နေထိုင်သူ ပြည်သူများ၏ ၇၅ ရာခိုင်နှုန်းသည် စစ်ဘေးရှောင်များဖြစ်ပြီး လူဦးရေ အနေဖြင့် ၃ သိန်းအထိရှိသည်ဟု ဆိုသည်။ အဆိုပါ စစ်ရှောင်များအတွက် လိုအပ်သည့် စားနပ်ရိက္ခာ၊ ပညာသင်ကြားခွင့်၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့် ရှောက်မှုများအား နိုင်ငံတကာ၏ ထောက်ပံ့မှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ထောက်ပံ့မှုများကိုသာ အားထားနေရသည်ဟု ဆိုသည်။
လက်ရှိ ကရင်နီပြည်တွင် နေထိုင်သူများ အတွက် စားနပ်ရိက္ခာသည် သုံးလစာခန့်သာရှိပြီး ယင်းကာလလွန်ပါက အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နိုင်သည်ဟု IEC ၏ တာဝန်ရှိသူမှ ပြောသည်။
“ဒီနှစ်ထဲမှာ စားနပ်ရိက္ခာက စိုးရိမ်ရတာပေါ့။ အနည်းဆုံး သုံးလေး လကိုတော့ ကိုယ့်နည်း ကိုယ်ဟန်နဲ့ သွားလို့ရတယ် ဆိုပေမဲ့ သုံးလေးလ ကျော်သွားရင်တော့ မသေချာတော့ဘူး။ ရှိတဲ့ ဆန်စပါးလည်း စိုက်လို့ မရဘူး။ စိုက်တဲ့ နေရာတွေကလည်း စစ်ကောင်စီဝင်တာရှိသလို ရေကြီးသွားလို့ လုပ်လို့မရတဲ့ အခြေအနေ ကြုံနေရပါတယ်။ သုံးလေးလ ကျော်ရင်တော့ ကျွန်တော်တို့ ဒီထက် ဆိုးဝါးနိုင်တဲ့ အခြေအနေ ရှိပါတယ်။” ဟု ၎င်းက ဆက်ပြောသည်။
ကရင်နီပြည်တွင် စစ်ရေး ပိုမိုပြင်းထန်လာပြီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ ဆက်တိုက်ဗုံးကြဲတိုက် ခိုက်ခြင်းများ ရှိသည့်အပြင် စားနပ်ရိက္ခာနှင့် ဆေးဝါး သယ်ယူခွင့်များအား ကန့်သတ်ထားခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြှင့်သည့် ဒဏ်အား ရင်ဆိုင်နေရသည်ဟု စစ်ရှောင်အရေးကူညီသူ အသက် ၄၀ ကျော် အရွယ် အမျိုးသား တစ်ဦးမှ ပြောသည်။
“အခုနောက်ပိုင်း စစ်ရေးအရပိုပြီးတော့မှ ပြင်းထန်လာတော့ ပိတ်ဆို့မှုတွေ ရှိတယ် ပိုပြီးတော့မှ ဆိုးတာက စစ်ကောင်စီက ကျွန်တော်တို့ ပြည်နယ်ထဲကို စားနပ်ရိက္ခာတွေ ဆေးဝါးတွေ ပိတ်ပင်ထားပြီးသား ဖြစ်တာပေ့ါ။ ဒါကြောင့်ပိုပြီးတော့မှ ခက်ခဲတယ်။ နောက်ပြီးတော့မှ လမ်းကြောင်းတွေ ပိုပြီးတော့ ခက်ခဲတာကြောင့် ရိက္ခာတွေ ပစ္စည်းတွေ ကုန်စျေးနှုန်း အရမ်းတက်တဲ့ ဒဏ်ကိုလည်း ကျွန်တော်တို့ ခံရတယ်။” ဟု ၎င်းက ဆိုသည်။
ထိုကြောင့် ကရင်နီပြည်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး ကူညီထောက်ပံ့မှုများ အရေးတကြီး လိုအပ်နေသောကြောင့် ကူညီထောက်ပံ့မှုများပေးရန် ၎င်းက မေတ္တာရပ်ခံထားသည်။ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာသူ သုံးသန်းခွဲခန့်ရှိသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် ထုတ်ပြန်ထားသည်။