ကိုဏီတာ
ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ဦးဆောင်ကျင်းပသည့် ဆွေးနွေးပွဲတွင် တအာင်းတပ် (TNLA)၊ ကိုးကန့်တပ်(MNDAA)နှင့် ရှမ်းတပ်(SSPP/SSA) တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့အား ဝ ပြည်နယ်ဘက်မှ စစ်ရေး အကူအညီ အားလုံး ရပ်ဆိုင်းမည်ဟု UWSA က တရားဝင်အသိပေးပြောဆိုလိုက်သည်။
၎င်းဆွေးနွေးပွဲကို ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ပန်ဆန်းမြို့တွင် ကျင်းပခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့မှ အကြီးတန်းကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် ဝပြည်နယ်အစိုးရ ဒုဥက္ကဌက အရေးကြီးဆုံးဖြတ်ချက် မထုတ်ပြန်မှီအချိန်တွင် “ဝ”ပြည်နယ်ဘက်မှ ညီအကိုမောင်နှမများကိုယ်စား “ဝ” ပြည်နယ်၏ ငြိမ်းချမ်းရေး ရပ်တည်ချက်နှင့် လက်ရှိရင်ဆိုင်နေရသော အလွန်ဆိုးရွားသော အခြေအနေများကို အသိပေးလိုပါသည်ဟု ကနဦးပြောဆိုခဲ့သည်။
“ဝ”ပြည်နယ်သည် မည်သည့် လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ သို့မဟုတ် မည်သည့် အဖွဲ့အစည်းကို မည်သည့် အကြောင်းပြချက်၊ အချိန်မရွေး၊ မည်သည့် နေရာ၌ဖြစ်စေ ငွေကြေး အကူအညီ ပေးမည် မဟုတ်ပေ။
ဤဆုံးဖြတ်ချက်ကိုလည်း အများပြည်သူသို့ တရားဝင် ကြေညာမည်ဖြစ်ပြီး အဖွဲ့အစည်းများအနေဖြင့် လက်နက်နှင့် စက်ကိရိယာများ၊ ငွေကြေးအကူအညီများ သို့မဟုတ် အခြားထိုကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် “ဝ” ပြည်နယ်ကို ထပ်မံနှောက်ယှက်ခြင်းမှ ရှောင်ကြဉ်ရန် အဖွဲ့အစည်းများအား တိုက်တွန်းအပ်ပါသည်” ဟု ဒုဥက္ကဌက တရားဝင် အသိပေးပြောဆိုခဲ့သည်။
မြန်မာအမျိုးသား ဒီမိုကရေတစ် မဟာမိတ် တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး/တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)မှ ကိုယ်စားလှယ်များအနေဖြင့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ၏ တရားဝင် စစ်ရေးဆုံးဖြတ်ချက်ကိစ္စရပ်အပေါ် နားလည်သဘောပေါက်သည်ဟု ပြောဆိုခဲ့ကြောင်း UWSA၏ သတင်းဌာနတစ်ခုဖြစ်သော WSTV က ဩဂုတ် ၂၀ ရက် ရက်စွဲဖြင့် ဖော်ပြထားသည်။
ကိုးကား – Wa News Land