မောင်ဘုန်း၊ မင်းသန့်
ထိုင်း-မြန်မာ အဓိကနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော မြဝတီမြို့တွင် စစ်ကောင်စီက ပြည်မဘက်မှ စက်သုံးဆီ တင်သွင်းခွင့်ကို ပိတ်ပင်လိုက်ပြီးနောက် စက်သုံးဆီများ ပြတ်လပ်ကာ ဈေးနှုန်းများ သုံးဆနီးပါးအထိ စံချိန်တင် မြင့်တက်သွားသောကြောင့် ဒေသခံပြည်သူများ သွားရေးလာရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရသည်။
ယခင်က စက်သုံးဆီတစ်လီတာလျှင် ကျပ် ၃,၅၀၀ မှ ၄,၅၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ ယခုအခါ တစ်လီတာလျှင် ကျပ် ၁၀,၀ ၀၀ အထိ ဈေးနှုန်းပေါက်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက ဖားအံ၊ မော်လမြိုင်မြို့များဘက်မှ မြဝတီသို့ စက်သုံးဆီတင်ပို့သည်ကို ယခု ဩဂုတ်လ ၁၄ ရက်မှစ၍ ရုတ်တရက် ပိတ်ပင်လိုက်ခြင်းကြောင့် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်အများစု ချက်ချင်း ပိတ်သိမ်းခဲ့ရသည်။ နှစ်ရက်ခန့်အကြာတွင် ဆီဆိုင်အချို့ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ဆိုင်ကယ်နှင့် ကားများကို ဆန့်သလောက်သာ ရောင်းချပေးပြီး ပုံးများဖြင့် ဝယ်ယူခွင့်ကို ကန့်သတ်ထားသည်။
“ဆီဈေးတွေ အရမ်းပြန်တက်လာတော့ သွားရေး၊ လာရေး တော်တော် ခက်ခဲတယ်။ ကလေးကျောင်းကြိုပို့ လောက်ပဲ ဆိုင်ကယ်နဲ့ သွားတော့တယ်။ တော်ရုံဆို လမ်းပဲ လျှောက်သွားလိုက်တယ်” ဟု မြဝတီမြို့ခံ မသဲလေးက သူ၏ အခက်အခဲကို ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလကတည်းက ကျားဖြန့် (အွန်လိုင်းငွေလိမ်) လုပ်ငန်းများ နှိမ်နင်းရေးကို အကြောင်းပြ၍ ထိုင်းအစိုးရဘက်ကလည်း မြဝတီသို့ လောင်စာဆီတင်သွင်းသည့် လမ်းကြောင်းကို ဖြတ်တောက်ထားခဲ့ရာ ယခု စစ်ကောင်စီကပါ ပြည်မဘက်မှ ပိတ်ဆို့လိုက်သည့်အတွက် မြဝတီမြို့သည် နှစ်ဖက်ညှပ်ပိတ်ဆို့မှုကို ခံနေရခြင်းဖြစ်သည်။
“စက်သုံးဆီတစ်လီတာ ၁၀၀၀၀ ကျပ် ပေးနေရတယ်။ အရင်က ၄၅၀၀ ကျပ်ဝန်းကျင်ပဲရှိတာ။ လမ်းဘေးဆိုင်တွေမှာတော့ ဝယ်လို့ရတယ်။ အောက်ဆင်းတဲ့ (ပြည်မဘက်မှလာသည့်) ကားသမားတွေကို မှာပြီး ပြန်ဈေးတင်ပြီး ရောင်းချတာမျိုးတွေလည်း ရှိတယ်” ဟု အခြားမြို့ခံတစ်ဦးက ဆိုသည်။
စက်သုံးဆီ ပြတ်လပ်မှုကြောင့် မြို့ခံအချို့မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်သို့ သွားရောက်ဝယ်ယူနေကြရပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှစ်စင်းလုံးတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိသည်။
အမှတ်(၂) တံတားအနီး နေထိုင်သူတစ်ဦးကလည်း “ဆီဈေးတွေ မတက်ခင်က တစ်လီတာ ၃၅၀၀ ဝန်းကျင်ပဲရှိတယ်။ အခုဆို ၈၀၀၀, ၉၀၀၀ ဝန်းကျင် ပေးဝယ်နေရတယ်။ ဆီစဖြတ်တဲ့နေ့တုန်းကဆို ၁၀,၀၀၀ အထိတောင် တက်သွားတယ်” ဟု ပြောသည်။
နယ်မြေမတည်ငြိမ်မှုများနှင့် စစ်ရေးတင်းမာမှုများ မကြာခဏ ရင်ဆိုင်နေရသော မြဝတီမြို့တွင် ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်း နှစ်ဆကျော် မြင့်တက်လာမှုကြောင့် ဒေသခံပြည်သူများ အခက်ကြုံနေရသည့်အပေါ် တာဝန်ရှိသူများအနေဖြင့် မည်သို့တာဝန်ယူဖြေရှင်းပေးမည်ကို မေးခွန်းထုတ်မှုများလည်း ရှိနေသည်။
#မြဝတီ #စက်သုံးဆီဈေးမြင့်တက် #ThanLwinKhetNews