ကရင်နီပြည် ဒီးမော့ဆိုမြို့အား ဩဂုတ် ၁၉ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီက ၎င်းတို့ပိုင် ကြေးမုံသတင်းစာမှ ယနေ့ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ဩဂုတ် ၄ ရက်မှ စတင်၍ ဒီးမော့ဆိုမြို့ မြောက်ဘက်ခြမ်း ရွှေယောက်ရပ်ကွက်နှင့် အရှေ့တောင်ဘက်ခြမ်းက ပါဒေါဒူကျေးရွာမှ စတင်၍ လက်နက်ကြီးများ ပစ်ကာ ဝင်ရောက်လာခဲ့သည်ဟု ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ထိုသို့ စတင်ဝင်ရောက်သည့် နေ့မှ ဩဂုတ် ၂၀ ရက်အထိ နှစ်ပတ်ကျော်အတွင်း တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အလောင်း ခြောက်လောင်းနှင့် လက်နက် ငါးလက် သိမ်းဆည်းရမိသည်ဟုလည်း ဆိုသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကရင်နီပြည်တွင် နေထိုင်သည့် ဒေသခံ တစ်ဦးက “မြို့ထဲကို ဝင်ပစ်ပြီး ပြန်ဆုတ်သွားတယ်လို့တော့ သိထားတယ်။ ဝင်ထိုင်နေတာမျိုးတော့မဟုတ်ဘူး” ဟု ပြောသည်။
လက်ရှိတွင် ဒီးမော့ဆိုဒေသခံများသည် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဆိုသည်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ကတော့ ဩဂုတ် ၈ ရက်တွင် ဒီးမော့ဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများသည် အရပ်သားပြည်သူများအား မတရားဖမ်းဆီးခြင်း၊ ပစ်သတ်ခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးချမှုများ ရှိနေသည်ဟု ထုတ်ပြန်ထားသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်သားများအား စစ်သုံးပစ္စည်းများ သယ်ဆောင်ခိုင်းခြင်းနှင့် စစ်ကြောင်းများ၏ အရှေ့တွင် သွားခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးနှင့် လမ်းမကြီးအပေါ် ဖြတ်သန်း သွားလာနေသော ဒေသခံများအား မေးမြန်းခြင်းမရှိဘဲ ပစ်သတ်ခြင်းနှင့် ဖမ်းဆီးခြင်းများလည်း လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။
ထိုကြောင့် ဒေသခံများ၏ လုံခြုံရေးအတွက် အဆိုပါ လမ်းပိုင်းများတွင် အသုံးမပြုရန် KNDF က သတိပေးထားသည်။ စစ်ကောင်စီသည် ဇူလိုင် ၆ ရက်တွင် မိုးဗြဲမြို့အား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် ဖယ်ခုံအင်းဒေသ တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။