စောရှင်ညို
ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်နိုင်ရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ သားဖွားအတတ်ပညာသင်တန်းသားခေါ်ယူနေကြောင်းကို ဩဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါသင်တန်းသားများကို ၁၈ လကြာသင်တန်းများပို့ချပြီးနောက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနလက်အောက်တွင်ရှိသော ကျေးလက်ကျန်းမာရေးဌာနများတွင် လစ်လပ်နေသောသားဖွားဆရာမ(Midwife)များအဖြစ် ခန့်အပ်ကာ အာရက္ခပြည်သူများ၏ ကျန်းမာရေးကိစ္စများကိုဖြေရှင်းနိုင်ရန်ရည်ရွယ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ရခိုင်ပြည်မှာ ပြည်သူတွေကျန်းမာရေးအားနည်းမှုတွေ တော်တော်များနေပါတယ်။ အာရက္ခတပ်တော်အနေနဲ့ အခုလိုသင်တန်းတွေလုပ်ပေးတဲ့အတွက် ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကြိုဆိုပါတယ်။ အခုအချိန်မှာ ရခိုင်ပြည်ကလူငယ်တွေ အလုပ်လက်မဲ့ဖြစ်နေတော့ အခုလိုသင်တန်းလေးတွေကို အာရက္ခအစိုးရကလုပ်ပေးလို့ ဝမ်းသာပါတယ်”လို့ မြောက်ဦးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
သင်တန်းပြီးဆုံးချိန်တွင် အဆိုပါ သင်တန်းသားများမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနဝန်ထမ်းအဖြစ် မည်သည့်နေရာဒေသမဆိုအနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
အဆိုပါသင်တန်းတက်ရောက်ရာတွင် အသက် ၂၅ နှစ်အောက် အမျိုးသမီးဖြစ်ရမည်ဖြစ်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသတ်မှတ်ထားသော ၁၂ တန်းအောင်မြင်သူ(သို့)စနစ်ဟောင်းအထက်တန်းအောင်မြင်သူဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
ထို့အပြင် အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်ဖြစ်ပြီး ကူးစက်ရောဂါကင်းရှင်းသူဖြစ်ရမည်ဟု ထည့်သွင်းဖော်ပြထားပါသည်။
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်ထိန်းချုပ်ထားသော ဒေသများအတွင်း ကျန်းမာရေးစောင့်ရှောက်မှုမလုံသော အခြေအနေများရှိသည့်အပြင် အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားသော မြို့နယ်များတွင်လည်း ဆေးဝါးတင်သွင်းခွင့်ကို ကန့်သတ်ထားသဖြင့် ဒေသခံပြည်သူအများစုမှာ ကျန်းမာရေးအခက်အခဲများတွင် စိုးရိမ်ပူပန်များကြုံတွေ့နေရသည်ဟု ဒေသတွင်း လူမှုကူညီရေးလုပ်ဆောင်သူများက ပြောသည်။
“အခုလက်ရှိကတော့မြို့နယ်တိုင်းမှာ ကျန်းမာရေးဆေးခန်းကတော့ ရှိနှင့်ပြီးသားဖြစ်တယ်။ဒါပေမဲ့ ဆေးဝါးကမလုံလောက်မှုက ရှိပါတယ်။နောက်ပြီး ဆေးဝါးစျေးနှုန်းစျေးကြီးတာတွေ၊ ရောဂါအတွက်ဆေးဝါးမလုံလောက်တာတွေ၊ကိုယ်ဝန်ဆောင်တွေအတွက် အားဆေးတွေမရှိတာ အဲ့လိုမျိုးတွေတော့ရှိပါတယ်။ အဲ့ဒါတွေကို ဘယ်လိုကျော်လွှားမလဲဆိုရင် ပြည်ပကအလှူရှင်တွေလှူတဲ့ပိုက်ဆံတွေနဲ့ဝယ်ပြီးလုပ်ပေးတာတို့ ။ တချို့တတ်နိုင်တဲ့သူတွေက မြောက်ပိုင်းဘက်ကဆေးရုံ၊ဆေးခန်းများတွင်သွားကုသကြတယ်”ဟု လေးဝတီ သံတွဲ စစ်ဘေးရှောင်အရေး ပရဟိတကူညီဆောင်ရွက်ပေးသူ ကိုတေဇာအောင်က ပြောသည်။
ဓါတ်ပုံ-ဒေသခံများအား အာရက္ခတပ်တော်မှ ကျန်းမာရေးစောင့်ရှောက်မှုပေးစဉ်(AKM)
