အမရာနွေဦး
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ကို ဩဂုတ်လ ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယင်းနေ့ ညနေ ၆:၅၆ နာရီမှစ၍ ပေါက်မြို့နယ်အရှေ့မြောက်ခြမ်း၊ တောင်ခြမ်းနှင့် အလယ်ကြောသို့ တံတားဦးလေတပ်မှ Y12 လေယာဉ်တစ်စီးဖြင့် ဗုံးများ ကြဲချခဲ့ခြင်း ဖြစ်သည်။
ညနေ ၆:၅၆ နာရီတွင် ကိုးလုံး၊ ၇ နာရီတွင် ကိုးလုံး၊ ၇:၀၃ အချိန်တွင် ကိုးလုံး၊ ၇:၁၀ နာရီတွင် နှစ်လုံး၊ ၇:၁၄ နာရီတွင် သုံးလုံး၊ ၇:၁၉ နာရီတွင် သုံးလုံး၊ ၇:၂၁ နာရီတွင် ငါးလုံး၊ စုစုပေါင်း နာရီဝက်အတွင်း ဗုံးအလုံး ၄၀ ကို ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Pakokku District News မှ ဖော်ပြထားသည်။
Pakokku District News တာဝန်ခံ Hawk က “ချက်ကန်ရွာက ပြည်သူ တစ်ဦးထိပြီး ဝက်နှစ်ကောင်သေတယ်။ နွားတစ်ကောင် ထိတယ်။ ပန်းတော်ကန်ရွာက ပြည်သူ လေးဦး ထိပြီးတစ်ဦး သေတယ်လို့ သိရပါတယ်ဗျ” ဟု အတည်ပြုပြောသည်။
ထို့အပြင် ပေါက်မြို့နယ်သို့ ထိုးလာသော အင်အား ၆၀၀ ကျော်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းသည် လေကြောင်းတိုက်ခိုက်ခံရသည့် ပန်းတော်ကန်ရွာမှ ၅ မိုင်အကွာရှိ ယာကြီးပြင်ပျူစောထီးရွာသို့ သြဂုတ်လ ၁၈ ရက် က ဝင်ရောက်သွားကြောင်းလည်း သိရသည်။