ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသော မာနယ်ပလောဒေသ ပွိုင့် ၉၁၃ ဗျူဟာစခန်း ပြန်လည်ရရှိရေးအတွက် တိုက်ပွဲအတွင်း ပါဝင်ခဲ့ကြသည့် FFD တာဝန်ခံနှင့် တပ်ဖွဲ့ဝင်ရဲဘော်များအား KNLA ဗဟိုမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့ခဲ့သည်ဟု Force for federal Democracy – FFD တပ်ဖွဲ့မှ ဩဂုတ် ၁၉ ရက်တွင် ထုတ်ပြန်သည်။
FFD ဒုတာဝန်ခံ ကိုအောင်အောင်က “မာနယ်ပလောဆိုတာက KNU/ KNLA ရဲ့ ဌာနချုပ်ဟောင်းဖြစ်ခဲ့သလို လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ တော်တော်များများ၊ ERO တွေတော်တော်များများရဲ့ အခြေပြုရာ ဌာနချုပ်လည်း ဖြစ်ခဲ့တယ်။ ဒီဌာနချုပ်ကို ပြန်ပြီးတော့ တိုက်ခိုက်သိမ်းပိုက်ရတဲ့ တိုက်ပွဲမှာ ကျွန်တော်တို့ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိသလို အခုလို ဂုဏ်ပြုဆုပါ ထပ်ရတဲ့အတွက် လွန်စွာ ကျေနပ်မိတယ်ပေါ့နော်” ဟု ပြောသည်။
အဆိုပါ ဌာနချုပ်သိမ်းတိုက်ပွဲတွင် ပါဝင် တိုက်ပွဲဝင်ခဲ့ကြသည့် စောလေးထူး (ကွပ်ကဲရေး) အပြင် ရဲဘော်များဖြစ်သည့် ကြာဇံ၊ ရွှေဂဲ၊ ဝင့်သရဖီထွေး (Crown)၊ Kornic၊ ကာကာ၊ စောဝါးဒို၊ ကိုထက်၊ မောင်ခိုင်၊ မောင်မောင်၊ မင်းဂဠုန်၊ ကဲကဲ၊ Danger၊ SKY၊ မော်ကွန်း၊ ဟိန်းခန့်၊ GYM၊ V Jay၊ ဟာဗီး၊ ဖက်တီး၊ ကိုဟိန်း၊ Jame၊ ICE၊ AK၊ Smoke တို့အား ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စစ်ရေးအတွေ့အကြုံ နှစ်အနည်းငယ်သာရှိသေးသော်လည်း ယခုကဲ့သို့ KNA/KNLA ဗဟို၏ ဂုဏ်ပြုအသိအမှတ်ပြုခြင်းကို ခံရခြင်းကြောင့် FFD ရဲဘော်များအတွက် လွန်စွာ ပီတိဖြစ်ဝမ်းသာရပါကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါဂုဏ်ပြုမှတ်တမ်းလွှာကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် ပေးပို့ခဲ့ပြီး စစ်ဆင်ရေးကို ဦးဆောင်အကောင်အထည်ဖော်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်စစ်ဌာနချုပ်- ပြောက်ကြားတပ်ဖွဲ့ တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နှင့် တပ်မဟာ-၇၊ တပ်ရင်း(၂၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောတင်မြင့်ထူးတို့ နှစ်ဦးကိုလည်း ကရင်အမျိုးသားတပ်မတော်နေ့က ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ်အား ချီးမြှင့်ဂုဏ်ပြုခဲ့သည်။
KNU ဌာနချုပ်ဟောင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး သုံးရက်အကြာ ဒီဇင်ဘာ ၁၆ ရက်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။