ဖိုးသောကြာ
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မဲဆောက်မြို့တွင် လျှပ်စစ်စက်ဘီးစီးနင်းမှုကို အကန့်အသတ်ဖြင့် ပြန်လည်စီးနင်းခွင့်ပြုသည်ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီက ဩဂုတ်လ ၁၉ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် မဲဆောက်မြို့၊ အဓိကသွားလာမှုတွင် အသုံးပြုနေသော လမ်းမကြီး ၄ ခုနှင့် လူသွားလာများသည့် အချိန်များတွင် လျှပ်စစ်စက်ဘီးများဖြင့် သွားလာနေမှုအား ကန့်သတ်လိုက်ကြောင်း ဖော်ပြထားသည်။
မဲဆောက်မြို့တွင် ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားအများစုမှာ ယာဉ်မောင်းလိုင်စင်၊ ယာဉ်စီးခဈေးနှုန်းနှင့် သွားလာရေးအခက်အခဲများကြောင့် လျှပ်စစ်စက်ဘီးကို အဓိကထား အသုံးပြုခဲ့ကြသည်။
“ E-bike(လျှပ်စစ်စက်ဘီး) တွေက ကျနော်တို့ အလုပ်သွား၊ အလုပ်ပြန်၊ ဟိုနားဒီနားသွားတာကအစ အရေးကြီးတယ်ပေါ့လေ။ ဆိုင်ကယ်ကျတော့ မတတ်နိုင်ဘူး။ အခုလို ပြန်ခွင့်ပြုပေးတော့ ဘာပဲဖြစ်ဖြစ် စိတ်အေးအေးနဲ့ သွားလာလို့ရပြီပေါ့”ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်သူ ကိုမျိုးက ပြောသည်။
ယခုနှစ် ဇွန်လ အစောပိုင်းမှ စတင်ကာ မဲဆောက်မြို့ပေါ်ရပ်ကွက်များတွင် လျှပ်စစ်စက်ဘီးစီးနင်းမှုများကို ထိုင်းအာဏာပိုင်များက စည်းကမ်းတင်းကြပ်စွာ ဖမ်းဆီးခဲ့မှုများကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုမှာ ကျောင်းကြိုပို့ခြင်းနှင့် အလုပ်သွား၊ အလုပ်ပြန်ကိစ္စရပ်များတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။
အာရှလမ်းမကြီးဟု ခေါ်ဆိုသော မဲဆောက်မြို့အဝင် နောင်ဘွားအဝိုင်းမှ နယ်စပ်ဖြတ်ကျော် အမှတ်(၁)တံတားအထိလမ်းမကြီး၊ မဲဆောက်-မဲ့ကဆာ-မဲ့ရမတ်အထိလမ်းမကြီး၊ မဲဆောက်-ဖုပ်ဖရ-အုန်းဖန်လမ်းမကြီး၊ မဲဆောက်မြို့ ဟုံဖိုင်နှင့် ကပ်ပိဘမ့်ကြားမီးပွိုင့်မှ အမိုးစိမ်းစက်ရုံအထိ လမ်းမကြီးများပေါ်တွင် လျှပ်စစ်စက်ဘီးစီးနင်းသွားလာမှုကို ပိတ်ပင်ထားသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ပါဝင်သည်။
ထိုအပြင် ယာဉ်ကြောပိတ်ဆို့မှုအများဆုံးအချိန်များဖြစ်သော နံနက် ၇ နာရီမှ ၉ နာရီ၊ ညနေပိုင်း ၃ နာရီမှ ၅နာရီကြား အချိန်များတွင် မြို့တွင်းလမ်းမများ၌ လျှပ်စစ်စက်ဘီးစီးနင်းမှုကို ဆက်လက်ပိတ်ပင်ထားပြီး အခြားသော အချိန်အပိုင်းအခြားများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် အညီ စီးနင်းနိုင်သည်ဟု ဖော်ပြထားသည်။
“ အခုဟာက လုံးဝပိတ်လိုက်တဲ့ အခြေအနေကနေ ထိုင်းနိုင်ငံရဲ့ စနစ်တကျနဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ အညီပြန်ခွင့်ပြုပေးတာကို ကျွန်တော်တို့ ကြိုဆိုရမှာဖြစ်ပါတယ်။ အားလုံးအတွက် အသက်အန္တရာယ်ကင်းစွာနဲ့ သွားလာနိုင်ဖို့အတွက် အစီအစဉ်ကောင်းတစ်ရပ်ကို ဒီက အာဏာပိုင်တွေက ကြိုးပမ်းပြီး စီစဉ်ပေးတာလို့ မြင်ပါတယ်”ဟု မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC)၏ အတွင်းရေးမှုး ဦးမြင့်သိဏ်းက ပြောသည်။
လျှပ်စစ်စက်ဘီးစီးနင်းမှုနှင့်ပတ်သက်၍ မဲဆောက်မြို့၊ စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ပါဝင်သော ကန့်သတ်ချက်များမှာ ယာဉ်မတော်တဆမှုများလျှော့ချနိုင်ပြီး ယာဉ်ကြောပိတ်ဆို့မှုများကို သက်သာစေရန် ရည်ရွယ်ထားသည်ဟု ထည့်သွင်းဖော်ပြထားသည်။