စစ်ကောင်စီတပ်သားများသည် မြင်းခြံမြို့အထွက် ဂိတ်များဖြစ်သည့် စက်မှုဇုန်ဂိတ်နှင့် တက္ကသိုလ်အနီး ဂိတ်များတွင် ခရီးသွားကားများကို တားဆီး၍ ပစ္စည်းများအား ယူဆောင်နေသည်ဟု ဒေသခံများမှ ဆိုသည်။
“မနေ့က မနက်ပိုင်းက တောင်သာမြို့နယ်ဘက်က ဘုန်းကြီးကျောင်းကားတစ်စီးပေါ်က ဘုန်းကြီးကျောင်းအတွက် လိုအပ်လို့ ဝယ်လာတဲ့ ပစ္စည်းတွေကို မြင်းခြံစက်မှုဇုန်ဂိတ်က ပျူတွေက သိမ်းဆည်းလိုက်ပါတယ်။ ဘုန်းကြီးကတော့ အခု သယ်လို့ မရရင်လည်း မြင်းခြံမြို့ပေါ်က ဘုန်းကြီးကျောင်းတစ်ခုခုမှာ ပစ္စည်းတွေကို အပ်ထားခဲ့ပါမယ်လို့ ပြောတာကို မရဘူး။ တစ်ခါတည်း သိမ်းလိုက်တာ” ဟု မျက်မြင်သက်သေ ဒေသခံတစ်ဦးက ပြောသည်။
မြင်းခြံ-ညောင်ဦးကားလမ်းပေါ်ရှိ စစ်ကောင်စီဂိတ်များတွင်လည်း လိုင်းကားများ၊ ကုန်ကားများ၊ အိမ်စီးကားများပေါ်မှ ပစ္စည်းများကို အကြောင်းပြချက်မရှိ စစ်ကောင်စီတပ်များက သိမ်းဆည်းနေသည်ဟု ဒေသခံများက ပြောသည်။ စစ်ကောင်စီနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက “လူသီးသန့်ပဲ သွားခွင့်ပြုတယ်။
နောက်နေ့တွေဆိုရင် လူပါ သွားခွင့် မပေးတော့ဘူးလို့ သိရပါတယ်” ဟု ပြောသည်။ ဩဂုတ် ၁၈ ရက်မှစ၍ မြင်းခြံခရိုင်၏ အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောင်းများဖြစ်သည့် မြင်းခြံ-တောင်သာလမ်း၊ မြင်းခြံ-ညောင်ဦးလမ်း၊ တောင်သာ-မလှိုင်လမ်း၊ တောင်သာ-နွားထိုးကြီးလမ်းပိုင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသည်။
အခြားမြို့များတွင်လည်း ပိတ်ဆို့မှုများ ရှိနေသော်လည်း မြင်းခြံမြို့ရှိ ဂိတ်များကဲ့သို့ ပစ္စည်းများ သိမ်းဆည်းခြင်းမရှိဟု သိရသည်။ ယမန်နေ့ နံနက်တွင်လည်း မလှိုင်မြို့ပေါ်တွင် ကားအသွားအလာ ကန့်သတ်ထားပြီး မလှိုင်မြို့နယ် မြောက်ဘက် နွားထိုးကြီးမြို့နယ်မှ ဝင်ရောက်လာသည့် ကားများအား ဖြတ်သန်းခွင့်မပြုဘဲ ဆိုင်ကယ်များကိုသာ ဖြတ်သန်း သွားလာခွင့်ပြုကာ အစစ်အဆေးတင်းကြပ်နေသည်ဟု သိရသည်။