ကျိုက်ထိုမြို့နယ်အတွင်းက ပိန္နဲကုန်းရွာအား စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။
ယနေ့ ဩဂုတ်လ ၁၉ ရက် နံနက် ကိုးနာရီကျော်တွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက ပျဥ်းကတိုးကုန်း ကျေးရွာအုပ်စု ပိန္နဲကုန်းရွာကို လေယာဥ် yak-130 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် နေအိမ် ငါးလုံး ပျက်စီးသွားကာ ကား သုံးစီးနှင့် ဆိုင်ကယ် ၃ စီးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ဩဂုတ် ၁၁ ရက် နေ့လယ် ၁၂ နာရီကျော်တွင်လည်း ကျောက်လုံးကြီးကျေးရွာအုပ်စု ဝင်းသောင်ရွာနှင့် ကျောက်ပုံရွာကြားတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်မှ လက်နက်ကြီး ၁၂၀ မမ တစ်လုံး ပစ်ချခဲ့ခြင်းကြောင့် ဒေသခံများ အလုပ်လုပ်နေသည့် နေရာသို့ ကျရောက် ပေါက်ကွဲခဲ့သေးသည်ဟု သိရသည်။
ယင်းနေ့ ညနေ သုံးနာရီခွဲခန့်ကလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ် ခလရ ၈ နှင့် ခလရ ၃ မှ ပူးပေါင်းတပ်ဖွဲ့များမှ ချောင်းပြန့်ကျေးရွာသို့ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၅၀ အရွယ် အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကယ သထုံဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ- စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးပျက်စီးသွားသည် မြင်ကွင်းများ
ဓါတ်ပုံ – KNU
#ကျိုက်ထို #စစ်ကောင်စီ #လက်နက်ကြီး #ThanLwinKhetNews






