ကရင်ပြည်နယ်အတွင်း ဆုံးရှုံးလိုက်ရသော နယ်မြေများနှင့် ကော့ကရိတ် – မြဝတီအာရှလမ်းကို အလုံးစုံ ပြန်လည်ရရှိရေးအတွက် တစ်နှစ်ခွဲအကြာ ဩဂုတ်လ ၁၂ ရက်တွင် စစ်ကောင်စီဘက်မှ တဖန် ပြန်လည်ထိုးစစ်ဆင်ခဲ့သည်။ ထိုသို့ပြန်လည်ထိုးစစ်ဆင်ခဲ့သည့် အောင်ဇေယျဒုတိယလှိုင်းသည် ရက်သတ္တပတ်ပြည့်နေပြီဖြစ်ပြီး ကော့ကရိတ်ကာကင်းကိုလည်း ချိုးဖျက်နိုင်ခဲ့သည်။
သို့သော် ရက်သတ္တပတ်အတွင်း စစ်တပ်ဘက်မှ ၁၀ ဦးထက် မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရသူများလည်း ရှိနေသည်ဟု Federal Revolution Force – FRF ၆၀ မမ လက်နက်ကြီးထုတ်လုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကဆိုသည်။
၎င်းက “ကော့ကရိတ်မှာ စကစတွေ တပ်ဆွဲထားတဲ့ နေရာကို FRF ကိုယ်တိုင်လုပ် ထုတ်ထားတဲ့ ၆၀ မမ လက်နက်ကြီး ၄၁ လုံး ပစ်ခတ်ခဲ့ပါတယ်။ ၁၃ ရက်ကနေ ၁၇ ရက်အထိ KNDO မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ လက်နက်ကြီး ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ ကျွန်မတို့ဘက်က လက်နက်ကြီး သုံးလက်နဲ့ နေရာခွဲပြီး အဆက်မပြတ် ပစ်ခတ်တိုက်တော့ ရန်သူဘက်က ပြန်မပစ်နိုင်ပါဘူး။ လက်ရှိမှာတော့ ရန်သူဘက်က လေကြောင်းသုံးနေပါတယ်” ဟု ပြောသည်။
ယခုတကြိမ် စစ်ကောင်စီ၏ ထိုးစစ်တွင် တပ်သားသစ်အများဆုံးပါဝင်နိုင်သည်ဟု မြေပြင်သတင်းရင်းမြစ်များက ခန့်မှန်းသည်။ တာဝန်ရှိသူရဲဘော်တစ်ဦးက ” ဒီတစ်ခေါက် ထိုးစစ်လည်း တပ်သားသစ်ပဲ များမှာပေါ့။ သူ့ နဂိုဖွဲ့စည်းပုံက နဂိုကတည်းက မပြည့်စုံတာလေ။ မပြည့်စုံတဲ့အတွက်ကို ဒီ ပစ (ပြည်သူ့စစ်) တွေကိုပဲ စုဆောင်းမယ်။ ပြီးရင် သင်တန်းတွေ ပေးမယ်။ လက်နက်တပ်ဆင်မယ်။ ပြီးကာမှ နှစ်ရှည်သမားတွေကို ပြန်ပြီးတော့ ထိန်းကြောင်းခိုင်းမယ်။ အဲလိုမျိုး”ဟု ပြောသည်။
ပြီးခဲ့သည့် အောင်ဇေယျ ပထမလှိုင်းအတွင်း အလင်းဝင်လာသူနှင့် နယ်စပ်တိုက်ပွဲအတွင်း ဖမ်းဆီးရရှိသည့် သုံ့ပန်းများတွင် စစ်မှုထမ်းအပတ်စဥ် ၁၀ သင်တန်းဆင်းများ ပါဝင်သည်။ အဆိုပါဖမ်းမိသည့် တပ်သားများထဲမှ တစ်ဝက်က ပြည်သူ့စစ်အဖြစ် ထိန်းသိမ်းခံထားရသူများဖြစ်သည်ဟု မြေပြင်အချက်အလက်အရ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၈ ရက်က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် ၁၆ သင်တန်းဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိပြီး ၁၃ ရက်တွင် သင်္ကန်းညီနောင်ကို ထိုးစစ်ဆင်သော်လည်း အထိအခိုက်များစွာဖြင့် ထိုးစစ်အရှိန် ရပ်ခဲ့ခြင်းဖြစ်သည်။
ပုံစာ- အာရှလမ်းသစ်သို့ တက်လာသည့် စစ်ကောင်စီတပ်များကို ခုခံနေသည့် Federal Revolution Force – FRF ၆၀ မမ လက်နက်ကြီးထုတ်လုပ်ရေးအဖွဲ့နှင့် KNDO ကရင်ပူးပေါင်းတပ်များ။