စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမည့် နေ့ ကြေညာသည့် ယနေ့တွင်ပင် မြင်းခြံ-တောင်သာလမ်းပိုင်း၊ မြင်းခြံ-ညောင်ဦးလမ်းပိုင်း၊ တောင်သာ-မလှိုင်လမ်းပိုင်းများ၌ ကုန်စည်သယ်ယူပို့ဆောင်ခြင်းကို ကန့်သတ်လိုက်ပြီး ကုန်တင်ကား အများစုကိုလည်း သွားလာခွင့်ပိတ်ပင်လိုက်သည်ဟု သိရသည်။
ယနေ့ နံနက်ပိုင်းမှ စတင်ပိတ်လိုက်ခြင်းဖြစ်ပြီး မြင်းခြံခရိုင်အတွင်းသို့ အဓိက ကုန်စည်စီးဆင်းရာ လမ်းပိုင်းများကိုလည်း ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
“ဒီလို ပိတ်မယ်ဆိုတာ လွန်ခဲ့တဲ့တစ်ပတ်လောက်ထဲက ကြားထားပါတယ်။ ဒီနေ့တော့ တကယ်ပိတ်လိုက်တာပေါ့။ မြို့ပေါ်မှာတော့ ပြည်သူလူထု တော်တော်များများက အခြေခံစားသောက်ကုန်နဲ့ ပတ်သက်လို့ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ ဈေးအတွင်းမှာလည်း စိုးရိမ်စိတ်နဲ့ တတ်နိုင်သလောက် လာဝယ်ကြတဲ့ ပြည်သူတွေ များပြားနေပါတယ်”ဟု တောင်သာမြို့ပေါ်မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ထို့အပြင် မလှိုင်မြို့ပေါ်မှ ပြည်သူတစ်ဦးကလည်း “မလှိုင်မြို့အတွင်းမှာ အရင်နေ့တွေကထက် စစ်ကောင်စီတပ်သားအင်အား ပိုချထားတာတွေ့ရပါတယ်။ တောင်သာ၊ မြင်းခြံဘက်ကို သွားမယ့် ကားတွေကို ပိတ်လိုက်တော့ မြို့အတွင်းမှာ ယာဉ်တန်းရှည်ကြီးနဲ့ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နေပါတယ်။ ယာဉ်ကြောပိတ်ဆို့မှု ကားတန်းက မလှိုင်မြို့တော်ခန်းမကနေ မြို့မြောက်ဘက်ဂိတ်အထိ ပိတ်ဆို့နေပါတယ်။ ကားတွေကိုလည်း စစ်ကောင်စီတပ်သားတွေက အသေးစိတ် စစ်ဆေးနေပါတယ်”ဟု လက်ရှိမြေပြင်အခြေအနေကို ပြောသည်။
ညောင်ဦး-မြင်းခြံလမ်းဘက်တွင်လည်း စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများက လမ်းတလျှောက် ဂိတ်များတွင် ကုန်ကားများကို တားဆီးနေသည်ဟု သိရသည်။
ထိုသို့ စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုနှင့် ပတ်သက်၍ တောင်သာမြို့နယ် ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက “အကြမ်းဖက်စစ်ကောင်စီတွေက တောင်သာမြို့နယ်နဲ့ ထိစပ်ဒေသတွေမှာ အင်အားဖြည့်တင်းတာတွေ ပြုလုပ်နေပြီး ညောင်ဦးမြိုနယ်နဲ့ ထိစပ်ရာ ငါ့သရောက်ရဲစခန်း၊ ကျောက်ပန်းတောင်းမြို့နယ်နဲ့ ထိစပ်ရာ အေးရွာ စစ်ကောင်စီကင်းစခန်းတွေမှာ အင်အားဖြည့်တင်းနေပါတယ်။ မြိုနယ်အတွင်းက ကျေးရွာတွေမှာလည်း ဖုန်းလိုင်း ဖြတ်တောက်ထားပါတယ်။ အခုက ကုန်စည်စီးဆင်းမှုပါ ဖြတ်တောက်လိုက်ပြီဆိုတော့ ပိတ်ဆို့ စစ်ကြောင်းထိုးလာနိုင်ပါတယ်”ဟု ပြောသည်။
တစ်ချိန်တည်းတွင် မြင်းခြံ မြို့ပေါ်မှ စတင်ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းသည် နွားထိုးကြီးမြို့နယ်၊ သူစိုးရွာအထိရောက်ရှိလာပြီး သူစိုးရွာဆေးရုံနှင့် ဘုန်းကြီးကျောင်းဝင်းအတွင်းတပ်စွဲထားသည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါ စစ်ကြောင်းသည် စစ်ကြောင်းစထိုးချိန်မှစပြီး ယနေ့အထိ ပြည်သူ ၂၅ ဦးထက်မနည်း သတ်ဖြတ်ခဲ့ပြီး သူစိုးရွာကို ဝင်ရောက်စဉ်တွင်လည်း ပြည်သူ ခြောက်ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။
#မြင်းခြံ #မလှိုင် #ကုန်စည်သယ်ယူခွင့်ပိတ် #ThanLwinKhetNews