ကိုဏီတာ
ကရင့်လက်နက်ကိုင်အစုအဖွဲ့များဖြစ်သော ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)နှင့် ကရင်နယ်ခြားစောင့်တပ် (BGF)တို့သည် ဩဂုတ်လ ၁၈ ရက်၊ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်တွင် တွေ့ဆုံခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် DKBA ဦးစီးခေါင်းဆောင်များဖြစ်သည့် စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး စောစတီး၊ ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်၊ စစ်ဒေသ ၁ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စိုင်းကျော်လှ၊ BGF ထိပ်ပိုင်းခေါင်းဆောင် အမှတ် ၄ စစ်ဒေသ ဗိုလ်မှူးချုပ် စောမုတ်သုန်၊ အမှတ် ၂ စစ်ဒေသ ဗိုလ်မှူးချုပ်စောတင်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံမှုတွေ တပ်များအနေဖြင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် အဖြေရှာဆောင်ရွက်ရန်အတွက် ဆွေးနွေးခဲ့ကြသည်ဟု တက်ရောက်လာသော ခေါင်းဆောင်များက ပြောသည်။
“ကျွန်တော်တို့က DKBA ကနေ BGF အဖြစ်ခွဲထွက်ခဲ့ကြတာရှိတယ်။ မြေပြင်မှာ အနီးဆုံးမှာ ရှိနေသလို ညီအကိုတွေ ဘယ်လိုချိတ်ဆက်လုပ်ဆောင်သွားမလဲ၊ ဒေသခံပြည်သူတွေ ကိုယ့်အရပ် ကိုယ်ဒေသမှာ အေးအေးချမ်းချမ်းနဲ့ ရပ်တည်နိုင်အောင် ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာကို ဆွေးနွေးဖို့ အဓိက ရည်ရွယ်ပါတယ်” ဟု ဗိုလ်ချုပ်စောဆန်းအောင်က ပြောသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုကို နှစ်ဖက်တပ်ခေါင်းဆောင်များနှင့် တပ်မှူးများက တံခါးပိတ်ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာသော နှစ်ဖက်တပ်ဖွဲ့ဝင်များကို စောရွှေဝ၊ စောဆန်းအောင်၊ စောတင်ဝင်း၊ စောမုတ်သုန်တို့က ရှင်းလင်းပြောပြခဲ့သည်။
“ဒေသဖွံ့ဖြိုးရေးဆိုတာက ကျွန်တော်တို့ဒေသအေးချမ်းမှ ဆောင်ရွက်လို့ရမယ်။ အဲဒီအတွက် ပထမဆင့်အနေနဲ့ ပေါင်းစပ်ညှိနှိုင်းရမယ်။ အခုတောင် ဝေါလေမှာ ပြည်သူတွေ ပြန်လာချင်ပြီ။ ဒါပေမယ့် စစ်အငွေ့အသက်တွေရှိနေတဲ့အခါကြတော့ ပြန်လာမရဲကြဘူး။ ကျွန်တော် ဒီနေ့မှာ အဲဒီကိစ္စတွေပြောတယ်။ ဒီလို ပြည်သူတွေ အေးဆေးပြန်လာနေဖို့ ကျွန်တော်တို့တွေ ဘယ်လိုပေါင်းစည်းဆောင်ရွက်မလဲ။ ဆင့်ကဲဆင့်ကဲပေါ့။ ပတ်သက်ရာ ပတ်သက်ကြောင်း ပေါင်းစပ်ညှိနှိုင်းပြီး အဖြေတစ်ခုထုတ်ဖို့ ကျွန်တော်တို့ ပြောကြပါတယ်”ဟု ဗိုလ်မှူးချုပ် စောမုတ်သုန်က ပြောသည်။
ယခုတွေ့ဆုံမှုသည် ကနဦးအဆင့်ဆွေးနွေးမှုဖြစ်ပြီး နှစ်ဖက်ခေါင်းဆောင်များနှင့် ဆက်လက်ညှိနှိုင်းတိုင်ပင်ပြီး ထပ်မံတွေ့ဆုံအဖြေရှာရန်ဆောင်ရွက်သွားမည်ဟု တက်ရောက်လာသော ခေါင်းဆောင်များက ပြောသည်။
ဓါတ်ပုံ – ကိုဏီတာ