စစ်ကောင်စီ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၁ အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၉ (က) အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော် အသီးသီး အတွက် ပါတီစုံရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဟု ဆိုထားသည်။
ထို့အပြင် ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်းလိုက်နှင့် နေ့ရက်များအား ထပ်မံထုတ်ပြန်ပေးသွားမည်ဟု သိရသည်။ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် တစ်မြို့နယ်လျှင် မဲအများဆုံးရသူက အနိုင်ယူစနစ် FPTP စနစ်ဖြင့် ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ် ၃၃၀ တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ကိုယ်စားလှယ် အချိုးကျစနစ် MMP၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုအတွက် မဲအများရသူ အနိုင်ယူစနစ် FPTP စနစ်ဖြင့် ကျင်းပမည့် ဖြစ်ပြီး မဲဆန္ဒနယ် ၁၀၁ ခုတွင် အချိုးကျ ကိုယ်စားပြု PR စနစ်ဖြင့် ကျင်းပမည်ဟု ထုတ်ပြန်သည်။
တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ခွင့်ရှိသည့် တိုင်းရင်းသားလူမျိုး တစ်မျိုးစီ အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များတွင် မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP ဖြင့် ဆုံးဖြတ်သွားမည်ဟု ထုတ်ပြန်ထားသည်။