ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အဓိက အသုံးပြုသည့် ထိုင်း မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂) ကို ဩဂုတ် ၁၈ ရက် မနက်ပိုင်းမှစ၍ ကားများ ဖြတ်သန်းသွားလာခွင့်နှင့် ကုန်စည်သယ်ယူခွင့်များအား မြန်မာဘက်ခြမ်းမှ ပိတ်ထားသည်ဟု ကုန်စည်ပို့ဆောင်နေသူများထံမှ သိရသည်။
“မြန်မာဘက်ခြမ်းက ယာယီပိတ်ထားတယ်လို့ သိရတယ်။ အဆင်မပြေပါဘူးဆိုမှ တံတားပိတ်တော့ ပိုရုန်းကန်ရမှာပေါ့” ဟု ကုန်စည်ကူးသန်းရောင်းဝယ်နေသူ အမျိုးသားတစ်ဦးက ပြောသည်။
ယခုလ ဒုတိယပတ်တွင် မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကုန်စည် ၃၀ ကျော်စာရင်းအား ထုတ်ပြန်ပြီးနောက် မြဝတီ-ရန်ကုန် လမ်းတလျှောက် ကုန်ကားများအား စစ်ဆေးမှု မြင့်တက်လာပြီး မတ်လ ၁၃ ရက်အထိ တရားမဝင်ကုန်သွယ်မှုအဖြစ် ကျပ် သိန်းပေါင်း ၁၈၀၀၀ ကျော်ဖိုး ဖမ်းဆီးထားသည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ ထုတ်ပြန်ထားသည်။
ကုန်စည်ပို့ဆောင်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက “ကုန်တင်သွင်းခွင့် ပိတ်လိုက်တော့ အကုန်ကြပ်တည်းသွားတာပေါ့။ ကုန်စည်တွေ ရှားပါးသွားတယ်။ ကုန်ဈေးနှုန်း မြင့်တက်လာမယ်။ သူတို့ ကန့်သတ်ချက်ထဲ မပါတဲ့ ကုန်တွေပဲ သွင်းလို့ရမယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံဘက်မှ ကန့်သတ်ထားခြင်းကြောင့် မဲဆောက်ဘက်ခြမ်းတွင် ကုန်ကား ၁၀၀ အထိ ပိတ်မိနေပြီး ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်က တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း အဖြေတစ်စုံတစ်ရာ မရရှိခဲ့ပေ။