အာဏာသိမ်းကာလ ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၅ ဩဂုတ် ၁၅ ရက်အထိ လေးနှစ်ကျော်အတွင်း စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် အရပ်သားပြည်သူ စုစုပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ထုတ်ပြန်ထားသည်။
ထိုသို့ သေဆုံးသူများထဲတွင် အမျိုးသမီး ၁၇၀၀ ကျော်ပါဝင်ပြီး အရွယ်မရောက်သေးသူ ကလေးငယ် ၈၇၀ ပါဝင်သည်ဟု သိရသည်။ ထို့အပြင် အာဏာသိမ်းမှုကို ဆန့်ကျင်သောကြောင့် ဖမ်းဆီးခံခဲ့ရသူ ၂၉၀၀၀ ကျော်ရှိပြီး ထောင်ဒဏ်ချမှတ်ခံရသူ ၁၀၀၀၀ ကျော်ရှိကာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရသူ ၂၂၀၀၀ ကျော်ရှိသည်ဟု သိရသည်။
လေးနှစ်ကျော်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် အမျိုးသမီး ၆၁၀၀ ကျော်နှင့် အရွယ်မရောက်သေးသူ ၆၂၀ ကျော်ပါဝင်သည်ဟု သိရသည်။ ဩဂုတ်လ ၁ ရက်မှ ၁၅ ရက် အထိ နှစ်ပတ်ကျော်အတွင်းတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် တစ်နိုင်ငံလုံး တွင် အမျိုးသမီး ၁၄ ဦး၊ အမျိုးသား ၁၇ ဦး စုစုပေါင်း ၃၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
သေဆုံးသူများထဲတွင် အရွယ်မရောက်သေးသူ ကလေးငယ် ခုနှစ်ဦးပါဝင်သည်။ စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် သေဆုံးမှု အများဆုံးဖြစ်သည်ဟု AAPP ၏ စာရင်းတွင် ဖော်ပြထားသည်။
ဩဂုတ် ၁၃ ရက်ကလည်း မန္တလေးတိုင်း မြင်းခြံမြို့နယ်က အမှတ် ၁ သံမဏိစက်ရုံအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် တောင်သာမြို့နယ်၊ နန်းတည်းကျေးရွာအုပ်စုရှိ ရုံးပင်ကျေးရွာမှ နေအိမ်တစ်လုံးပေါ်ကျပြီး ပေါက်ကွဲခဲ့သောကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သေးသည်။
ထို့အပြင် ၎င်းကာလအတွင်း အရပ်သား ၈၅ ဦး သေဆုံးသည်ဟု ကြားသိထားရသော်လည်း အတည်ပြုရန် စုံစမ်းနေဆဲ ဖြစ်သည်ဟုဆိုထားသည်။