ဘုန်းမောင်
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံအနှံ့က စစ်ပွဲတွေမှာ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အစောပိုင်းကာလတွေတုန်းကတော့ ဒရုန်းကို ကောင်းကောင်း အသုံးချနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ မြန်မာစစ်တပ်ကို နောက်ကောက်ကျသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပြောဆိုလာကြပါတယ်။
“ဒရုန်းအသုံးပြုမှုမှာ နောက်ကျကျန်နေခဲ့တဲ့ မြန်မာစစ်တပ်ဟာ လက်ရှိအချိန်မှာတော့ အဲဒီကွာဟချက်ကို အမြန်ဆုံး လျှော့ချပစ်နိုင်ခဲ့တယ်” လို့ အမေရိကန်သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ‘Armed Conflict Location & Event Data (ACLED)’ က ဇူလိုင်လမှာ ထုတ်ပြန်ခဲ့တဲ့ ‘The war from the sky: How drone warfare is shaping the conflict in Myanmar’ ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ (အစီရင်ခံစာရေးသားသူ မစုမွန် ဟာ ACLED ရဲ့ အာရှ – ပစိဖိတ်ဆိုင်ရာ အကြီးတန်းသုတေသီတစ်ဦးဖြစ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာတွေကို သုတေသနပြုလေ့လာနေခဲ့တာ ဆယ်စုနှစ် တစ်ခုကျော်ခဲ့ပါပြီ။ ဘာသာပြန်သူ)
တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကရော အကြမ်းဖက်မြန်မာစစ်တပ်ဘက်ကပါ နှစ်ဘက်စလုံးက ဒရုန်းနည်းပညာနဲ့ ပတ်သက်ပြီး အဆင့်မြှင့်တင်နေကြပေမယ့် ၂၀၂၅ ခုနှစ်ဟာ မြန်မာစစ်တပ်ဘက်က သိသိသာသာကို အသာစီးရမယ့်နှစ်ဖြစ်လာနိုင်တယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒရုန်းနဲ့ ပတ်သက်တဲ့ အရင်းအမြစ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက မြန်မာစစ်တပ်အပေါ် အသာစီး မရနိုင်သေးသလို မြန်မာစစ်တပ် ဆက်ပြီး ရှင်သန်နေနိုင်အောင် ကျားကန်ပေးထားတဲ့ တရုတ်နိုင်ငံနဲ့ မြန်မာစစ်တပ်ကြား ရှိနေခဲ့တဲ့ ဆက်ဆံရေးမျိုးက လက်ရှိအချိန်ထိတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တရုတ်နိုင်ငံကြားမှာ ရှိမနေသေးဘူးလို့လည်း သူက DW နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။
“တော်လှန်ရေးတပ်ဖွဲ့တွေက စစ်တပ်အပေါ် အသာစီးမရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေး တပ်ဖွဲ့တွေထက်စာရင် စစ်တပ်မှာက သုံးမကုန်နိုင်တဲ့ ငွေရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက ၃ လနေမှ ဒရုန်း ၂ စင်းလောက် ဝယ်နိုင်ဖို့ ကြိုးစားနေရချိန်မှာပဲ စစ်တပ်ကတော့ သူတို့ လိုချင်သလောက် တရုတ်နိုင်ငံကနေ ချက်ချင်း လှမ်းမှာလို့ရတယ်” လို့လည်း သူက ပြောပါတယ်။
အသာစီးရလာခြင်း
အစောပိုင်းတုန်းက ဆင်နွှဲခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးတွေ အောင်မြင်တယ်ဆိုတာ နိုင်ငံအနှံ့က ဒစ်ဂျစ်တယ်မျိုးဆက် လူငယ်တွေရဲ့ အကူအညီကြောင့်ပါ။ အဲဒီလူငယ်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို သွားရောက်ပြီး စစ်ပညာသင်ကြားခဲ့ကြသလို သူတို့ တတ်ကျွမ်းတဲ့ အသိပညာတွေကိုလည်း ပြန်ပြီး မျှဝေပေးခဲ့ကြပါတယ်လို့ မစုမွန်က ပြောပါတယ်။
ဒစ်ဂျစ်တယ်မျိုးဆက်လူငယ်တွေဟာ YouTube ပေါ်က သင်ခန်းစာတွေနဲ့ ယူကရိန်းစစ်ပွဲတွေကို အချိန်ယူ လေ့လာခဲ့ကြပါတယ်။ လူငယ်တွေဟာ သာမန်စီးပွားဖြစ် ဒရုန်းတွေ သုံးပြီး စုံစမ်းထောက်လှမ်းနည်း ဒါမှမဟုတ် အန္တရာယ်ဖြစ်စေတဲ့ လက်နက်အဖြစ် ပြောင်းလဲအသုံးချနည်းတွေက သင်ယူနိုင်ခဲ့ကြတဲ့အပြင် ရနိုင်သမျှသော ပလပ်စတစ်၊ အထပ်သား၊ အီလက်ထရောနစ်အပိုင်းအစတွေနဲ့ နောက်ထပ် လိုအပ်တဲ့ ပစ္စည်းတွေကို 3D ပရင်တာနဲ့ ထုတ်လုပ်ကာ ကိုယ်ပိုင်ဒရုန်းတွေအထိ တည်ဆောက်နိုင်ခဲ့ကြပါတယ်။
ဒရုန်းတွေကြောင့်ပဲ တော်လှန်ရေးတပ်ဖွဲ့တွေဟာ လူသေဆုံးမှုအရေအတွက် လျှော့ချနိုင်ခဲ့သလို အရင်းအမြစ် နည်းပါးပေမယ့် ပိုပြီးအားကောင်းဖို့ အဆင့်မြှင့်တင်ထားတဲ့ ဒရုန်းတွေက လူငယ်တွေထက် အဆများစွာ သာလွန်တဲ့ ရန်သူတွေကို တိုက်ခိုက်ရာမှာ အကူအညီ အများကြီးပေးခဲ့တယ်လို့ ACLED ရဲ့ သုတေသီ မစုမွန်က ပြောပါတယ်။ ဒါက အချိုးအစားမညီမျှတဲ့ စစ်ပွဲအတွက် ဥပမာကောင်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။
ပိုပြီး အရေးကြီးတဲ့ အချက်တစ်ချက်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ ဖွဲ့စည်းခဲ့ပေမယ့် လူအား၊ လက်နက် အင်အားပိုင်းဆိုင်ရာတွေမှာ အရင်းအမြစ်အားနည်းတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF တွေဟာ သူတို့ရဲ့ ဒရုန်းကျွမ်းကျင်မှုကို အသုံးချပြီး နယ်စပ်ဒေသတွေမှာ အရင်ကတည်းက ရှိနှင့်ပြီးဖြစ်သလို PDF တွေထက် လူအား၊ လက်နက်အင်အား အစစမှာ သာလွန်တဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ – EROs တွေရဲ့ လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရယူနိုင်ခဲ့ကြတာပါ။
ဒီလိုမဟာမိတ်ဖွဲ့နိုင်ခဲ့မှုက “တပ်မတော်” လို့ လူသိများတဲ့ မြန်မာစစ်တပ်အပေါ် တော်လှန်ရေးတပ်ဖွဲ့တွေက အနိုင်ရစေတဲ့ အဓိက အကြောင်းအချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာစစ်တပ်ဟာ နိုင်ငံဧရိယာထက်ဝက်အောက်ကိုသာ ထိန်းချုပ်ထားနိုင်တော့တယ်လို့ ယုံကြည်ရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အောင်မြင်မှုတွေမှာ ဒရုန်းတွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ဝါရှင်တန်မှာရှိတဲ့ National War College ရဲ့ အရှေ့တောင်အာရှလုံခြုံရေးဆိုင်ရာပညာရှင် ပါမောက္ခ ဇာခရီ အဘူဇာ – Zachary Abuza က ပြောပါတယ်။
“မြန်မာနိုင်ငံက လူငယ်တွေက အရမ်းကိုပဲ တီထွင်ဖန်တီးနိုင်စွမ်းရှိကြတယ်။ ERO တွေက ဒရုန်းနဲ့ ပတ်သက်ပြီး စမ်းသပ်ကောင်းစမ်းသပ်နေချိန်မှာပဲ အာဏာသိမ်းမှုဖြစ်ခဲ့တယ်။ ဒါကြောင့်လည်း နည်းပညာကျွမ်းကျင်တဲ့ ကျောင်းသားတချို့ တောထဲ ထွက်ပြေးခဲ့ကြတယ်။ သူတို့တွေဟာ ERO တွေနဲ့ လက်တွဲပြီး အလုပ်တွေ လုပ်ခဲ့ကြတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စတင် တည်ထောင်ခဲ့ကြတယ်။ ERO တွေကလည်း PDF တွေ ဘက်က ရပ်တည်ပေးခဲ့ကြတယ်။ ဒါကပဲ သူတို့တွေအတွက် လက်နက်ဖြစ်သွားခဲ့တယ်။ ဒါက စစ်ပွဲရဲ့ အနာဂတ်ပါပဲ” လို့ သူက DW ကို ပြောပါတယ်။
စစ်ပွဲကပေးတဲ့ အတွေ့အကြုံ
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံတွင်းမှာ ရှိကြတဲ့ အင်အားကြီးမားတဲ့ တော်လှန်ရေးတပ်ဖွဲ့အားလုံးနီးပါးမှာ ကိုယ်ပိုင်ဒရုန်းယူနစ်တစ်ခုစီ ရှိနေကြပြီလို့ အဘူဇာက ပြောပါတယ်။
ထိုင်း – မြန်မာနယ်စပ်ဖြစ်တဲ့ မြန်မာနိုင်ငံအရှေ့ပိုင်းက ကရင်နီပြည်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ – KNDF ရဲ့ ဒရုန်းတပ်ဖွဲ့ကို ဦးဆောင်နေသူဟာ အသက် ၂၇ နှစ်သာရှိသေးတဲ့ အိုင်တီအင်ဂျင်နီယာ တစ်ဦးဖြစ်ပါတယ်။ သူဟာ 3D ပရင်တာပိုင်းဆိုင်ရာမှာ ကျွမ်းကျင်သူဖြစ်တာကြောင့် သူ့ကျွမ်းကျင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သူ့ကို ကိုသရီးဒီလို့ခေါ်ကြတယ်လို့ သူက ပြောပါတယ်။
လုံခြုံရေးကြောင့် အမည်ရင်းမဖော်ပြလိုတဲ့ ကိုသရီးဒီက ‘သူ့တပ်ဖွဲ့ဝင် ၆၀ ဝန်းကျင်ဟာ KNDF နဲ့ မြန်မာ စစ်တပ်ကြား လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတိုင်းလိုလိုမှာ ကင်းထောက်တာ၊ ဗုံးကြဲတာ ဒါမှမဟုတ် ရည်ရွယ်ထားတဲ့ ပစ်မှတ်တွေဆီ ပျံသန်းပြီး ဖောက်ခွဲတာမျိုးတွေအတွက် ဒရုန်းတွေကို အသုံးပြုနေတယ်’ လို့ ပြောပါတယ်။ တဆက်တည်းမှာပဲ သူက ကာမိကာဇေလို့ ခေါ်တဲ့ အသေခံဒရုန်းတွေဟာ ဒေါ်လာ ရာဂဏန်းလောက်သာ ကုန်ကျနိုင်တယ်လို့ ပြောပါတယ်။
“အခု ဖြစ်နေတဲ့ စစ်ပွဲတွေမှာ ဒါက (ဒရုန်းက) တကယ်ကိုပဲ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒရုန်းတွေ မရှိဘဲ ရန်သူကို ထိထိရောက်ရောက် မတိုက်ခိုက်နိုင်သလို ကိုယ့်ဘက်က အသေအပျောက်လည်း နည်းတဲ့အတွက်ကြောင့်ပါ” လို့ DW ရဲ့ မေးခွန်းတွေကို ရှေ့တန်းတစ်နေရာကနေ ဖုန်းနဲ့ ဖြေကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းတုန်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ‘၁၀၂၇ စစ်ဆင်ရေး’ တုန်းကလည်း ကိုသရီးဒီနဲ့ သူ့တပ်ဖွဲ့ဝင်တွေဟာ သူတို့ တီထွင်ထားတဲ့ ဒရုန်းတွေကို အပြည့်အဝ အသုံးပြုနိုင်ခဲ့ကြပါတယ်။ အားလုံးသိထားကြတဲ့အတိုင်း ‘၁၀၂၇ စစ်ဆင်ရေး’မှာ စစ်တပ်ဟာ တိုင်းစစ်ဌာနချုပ် ကျဆုံးသည်အထိ အဆုံးအရှုံးကြီးမားခဲ့ပြီး နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ သူတို့ တီထွင်ထားတဲ့ ဒရုန်းတွေနဲ့ မြန်မာစစ်တပ်အပေါ် ဗုံးအလုံးရေ ၂၀,၀၀၀ ဝန်းကျင် ကြဲချနိုင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။
“ဗုံးတွေက မိုးရွာသလို တဝေါဝေါနဲ့ပေါ့ဗျာ” လို့ မြန်မာစစ်တပ်ရဲ့ တပ်သားတစ်ဦးက BBC ကို ပြောခဲ့ပါတယ်။
မြန်မာစစ်တပ်အနေနဲ့ ဒရုန်းစစ်ဆင်ရေးတွေကို ပိုပြီး အလေးအနက်ထားဖို့ ဒီစစ်ဆင်ရေးက နှိုးဆော်ချက် တစ်ခု ဖြစ်ခဲ့တယ်လို့ ACLED က မစုမွန်က ပြောပါတယ်။
အဲဒီအချိန်ကစပြီး မြန်မာစစ်တပ်ရဲ့ အကြီးတန်းစစ်ခေါင်းဆောင်တွေဟာ (ဒရုန်းနဲ့ ပတ်သက်တဲ့ နည်းပညာတွေ လေ့လာနိုင်ဖို့အတွက်) တရုတ်နိုင်ငံဆီ အကြိမ်ကြိမ် သွားရောက်ပြီး ဒရုန်းစက်ရုံတွေကို ကြည့်ရှု လေ့လာခဲ့ကြပါတယ်။ အခုဆိုရင်တော့ မြန်မာစစ်တပ်ဟာ စစ်ရေးအတွက် အသုံးပြုနိုင်တဲ့ အဆင့်မြင့်ဒရုန်းတွေကို တရုတ်နဲ့ ရုရှားနှစ်နိုင်ငံစလုံးဆီက ဝယ်ယူခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေဆီကနေ လေ့ကျင့်မှုတွေ ရယူနိုင်ခဲ့သလို ဒရုန်းတပ်ဖွဲ့ တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကနေ ပြီးခဲ့တဲ့ မေလမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဂျမ်မာများနဲ့ ခုခံခြင်း
စစ်တပ်က အသုံးပြုနေတဲ့ ဒရုန်းတွေမှာ အနီအောက်ရောင်ခြည်ပါတဲ့ ကင်မရာတွေ တပ်ဆင်ထားပါတယ်။ အဲဒီဒရုန်းတွေဟာ ညဘက်တွေမှာ အုတ်နံရံလို အတားအဆီးတွေကို ဖြတ်သန်းပြီး ထောက်လှမ်းနိုင်စွမ်း ရှိပါတယ်။ အနီအောက်ရောင်ခြည်ကင်မရာပါတဲ့ ဒရုန်းတွေ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေက ပစ်မှတ် တိကျတဲ့အတွက် အတိုက်အခံအင်အားစုတွေရဲ့ သေဆုံးမှုကို မြင့်တက်စေနိုင်ပါတယ်။
တစ်ချိန်တည်းမှာပဲ မြန်မာစစ်တပ်ဟာ သူတို့ရဲ့ ကြီးမားတဲ့ စစ်အခြေစိုက်စခန်းတွေမှာ အားကောင်းတဲ့ ဂျမ်မာတွေကို အသုံးပြုလာကြတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကိုယ်ပိုင်ဒရုန်းနဲ့ စစ်ဆင်ရေးတွေကို ပြင်းပြင်းထန်ထန် တိုက်ဖျက်နိုင်ခဲ့ပါတယ်။
“အခုဆိုရင် မြန်မာစစ်တပ်အတွက် အဓိကကျတဲ့ တပ်ရင်းတိုင်းလိုလိုမှာ အဆင့်မြှင့်ထားတဲ့ ဂျမ်မာတွေ ရှိနေပြီ” လို့ မစုမွန်က ပြောပါတယ်။ “ဒါက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေအပေါ် အထိရောက်ဆုံး အနှောင့်အယှက်ပေးနေတာပဲ”
ဒါ့အပြင် မြန်မာစစ်ကော်မရှင်ရဲ့ တောင်းဆိုမှုကြောင့် ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကစပြီး ဒရုန်းအပါအဝင် စစ်ဘက် – အရပ်ဘက်နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေိ မြန်မာနိုင်ငံဆီ တင်ပို့မှုကို ဘေဂျင်းက ကန့်သတ်လိုက်ပြန်ပါတယ်။ ဒါကြောင့်လည်း တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ ရရှိဖို့ ခက်ခဲသွားသလို ဈေးနှုန်းလည်း ထိုးတက်သွားခဲ့ပါတော့တယ်။
ဒီကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက နည်းလမ်းတွေ ရှာကြံနေကြတယ်လို့ အဘူဇာက ပြောပါတယ်။ ဥပမာ အသင့်ဆင်ပြီးသား ဒရုန်းတွေ ဝယ်ယူတာထက် ဒရုန်းနဲ့ပတ်သက်တဲ့ အစိတ်အပိုင်းတွေချည်း သီးသန့်ဝယ်ယူတာအပြင် ဒရုန်းနဲ့ပတ်သက်လာရင် ခုချိန်ထိတိုင်အောင် အဓိက ရင်းမြစ်ဖြစ်နေသေးတဲ့ တရုတ်နိုင်ငံကို ကျော်လွန်ပြီး ဝယ်ယူတာမျိုးပါ။
“တရုတ်ဘက်က တင်းကြပ်မှုတွေ လုပ်ထားတယ်ဆိုပေမယ့် သူတို့ကို ပံ့ပိုးပေးမယ့်သူတွေက တပုံကြီးပါပဲ။ သူတို့ လိုအပ်တဲ့ အစိတ်အပိုင်းနဲ့ ပစ္စည်းတွေအတွက် တရုတ်နိုင်ငံတောင်ပိုင်းက နည်းပညာကုန်တိုက်တွေကို သွားသွားလာလာ လုပ်နေသူတွေတော့ ရှိနေပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံက ဝယ်ယူမှုလုပ်ငန်းစဉ်ကို နှေးကွေးအောင် လုပ်လိုက်တယ်ဆိုပေမယ့် သူတို့ ဒါကို လုံးဝရပ်ပစ်တာတော့ မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။
ဒါပေမယ့် ACLED က ထုတ်ပြန်တဲ့ နောက်ဆုံးအချက်အလက်တွေအရဆိုရင်တော့ တရုတ်နိုင်ငံရဲ့ တင်ပို့မှု ကန့်သတ်ချက်တွေနဲ့ စစ်ကော်မရှင်ရဲ့ ဂျမ်မာသစ်တွေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတွေအပေါ် ထိခိုက်မှု ကြီးကြီးမားမားဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အောင်မြင်မှုများ ကျဆင်းလာခြင်း
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ စစ်ဆင်ရေးတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေ တဖြည်းဖြည်းချင်း မြင့်တက်လာခဲ့တယ်ဆိုပေမယ့် ၂၀၂၄ ခုနှစ်အစပိုင်းကစပြီး စိုးရိမ်စရာ ကောင်းလောက်အောင် လျော့ကျလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာစစ်တပ်ရဲ့ ဒရုန်း တိုက်ခိုက်မှုတွေကတော့ တိုးတက်လာခဲ့တယ်လို့ ACLED ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုပေါင်း ၁၃၀ ကျော်ရှိခဲ့ချိန်မှာ စစ်တပ်ဘက်က တိုက်ခိုက်မှုကတော့ ၅ ကြိမ် ဒါမှမဟုတ် ၆ ကြိမ်သာရှိခဲ့တယ်လို့ သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ကိန်းဂဏန်းတွေက ပထမဆုံးအကြိမ်အဖြစ် ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုက အကြိမ် ၅၀ နီးပါးရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့တွေဘက်က တိုက်ခိုက်မှုကတော့ အကြိမ် ၄၀ အောက် လျော့ကျသွားခဲ့ပါတော့တယ်။
ပြည်တွင်းစစ်ရေစီးကြောင်းကို ဒရုန်းတွေက ပြောင်းလဲနိုင်စွမ်းမရှိပေမယ့် သတိပြုစရာက စစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေ ရပ်တန့်သွားဖို့နဲ့ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ဒေသ တချို့ကို ပြန်ပြီး သိမ်းပိုက်လာနိုင်တာက ဒရုန်းတွေကြောင့်ဖြစ်တာမို့ မြန်မာစစ်တပ်ဟာ ဒရုန်းစစ်ဆင်ရေးကို မကြာခဏ အသုံးပြုလာနေတယ်လို့ မစုမွန်က ပြောပါတယ်။
သူဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့လည်း အင်တာဗျူးတွေ ပြုလုပ်ခဲ့ပါတယ်။ အင်တာဗျူးမှုအရဆိုရင်တော့ စစ်တပ်ရဲ့ ဒရုန်းစစ်ဆင်ရေးတွေက ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေထက် ပိုပြီး တော်လှန်ရေး အင်အားစုတွေကို သတ်ဖြတ်နိုင်ခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ လက်ရှိပြည်တွင်းစစ်ကြောင့် အသက်ပေါင်း ၈၀,၀၀၀ ဝန်းကျင် သေဆုံးသွားခဲ့ပြီးဖြစ်တယ်လို့ ACLED က ခန့်မှန်းထားပါတယ်။
ပြည်တွင်းစစ်ရဲ့ ရှေ့တန်း တစ်နေရာ၊ ကရင်နီပြည်ရဲ့ တောကြီးမျက်မည်းထဲမှာ တိုက်ပွဲဝင်နေတဲ့ ကိုသရီးဒီကလည်း လေ့လာသုံးသပ်သူတွေရဲ့ သုံးသပ်ချက်က သူ့သုံးသပ်ချက်တွေနဲ့ ကိုက်ညီတယ်လို့ ပြောပါတယ်။
စစ်တပ်ရဲ့ ဒရုန်းတွေက ပစ်မှတ်ရှာဖွေရာမှာ ပိုမိုတိကျသေချာလာခဲ့သလို စစ်တပ်က သုံးနေတဲ့ ဂျမ်မာတွေကလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကိုယ်ပိုင်ဒရုန်းတွေကို ပိုပြီး ထိခိုက်လာစေခဲ့တယ်လို့ သူက ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ ပို့ကုန်ထိန်းချုပ်မှုတွေကလည်း ဒရုန်းတွေ ဝယ်ယူဖို့ ဒါမှမဟုတ် တည်ဆောက်ဖို့ အမှန်တကယ်ကို အခက်အခဲဖြစ်လာစေခဲ့တယ်” လို့ ဆိုပါတယ်။
တဆက်တည်းမှာပဲ သူက KNDF နဲ့ တခြားတော်လှန်ရေးအင်အားစုဟာ ငွေကုန်ကြေးကျပိုများလာတာ၊ ပြိုင်ဘက်အဖွဲ့အစည်းမှာ လက်နက်အင်အားသာလွန်တာနဲ့ လက်ရှိအချိန်မှာ ဒရုန်းပမာဏနည်းပါးနေသေးတာမျိုး ဖြစ်နေနိုင်ပေမယ့် “ကျွန်တော်တို့ ဆက်ပြီး ရုန်းကန်နေကြရဦးမှာပဲ” လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင် ၁၁ ရက်က DW မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် ‘ Zsombor Peter’ ရဲ့ ‘ Myanmar’s armed rebel groups lose edge in drone warfare ‘ ကို ဆီလျော်အောင် ရေးသားသည်။
#ဘာသာပြန်ဆောင်းပါး #ThanLwinKhetNews