မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီမှ ယနေ့ ဩဂုတ် ၁၇ ရက်၊ နံနက် ၈:၅၀ နာရီခန့်တွင် လေကြောင်းဖြင့် ဗုံး နှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ဒေသခံ အမျိူးသမီးတစ်ဦးက “၈ နာရီ ၅၀ လောက်မှာ တစ်လုံး၊ ၉ နာရီလောက်မှာ တစ်လုံး၊ နှစ်လုံး ပစ်သွားတာ။ ပထမတစ်လုံးက ဆေးရုံကြီးအနောက်ဘက်ကို ကျတယ်။ နောက်တစ်လုံးက ဗျူဟာကုန်းဘက်ကို ကြဲသွားတာ” ဟု သံလွင်ခက်ကို ပြောသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအသေးစိတ်အား စုံစမ်းနေဆဲဖြစ်သည်။
TNLA တပ်ဖွဲ့ဝင်အရာရှိတစ်ဦးက “ဂျက်ဖိုက်တာ တစ်စင်းနဲ့ သုံးလုံး ပစ်သွားတာ။ မြန်မာ့စီးပွားရေးဘဏ်ရှေ့လမ်းကို တစ်လုံး ကျတယ်။ လူအထိအခိုက်တော့ လောလောဆယ် မသိရသေးဘူး” ဟုပြောသည်။
ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီကြဲချသော ဗုံး တစ်လုံးမှာ မိုးကုတ်ရဲစခန်းအနီး ပတ္တမြားငမောက်တည်းခိုခန်း ရှေ့တည့်တည့် လမ်းမကြီးပေါ်သို့ ကျပြီး မိုးကုတ် အစိုးရဘဏ် အဆောက်အဦး ပျက်စီးခဲ့သည်ဟု သိရသည်။ တခြား နေရာ ထျခိုက်မှုကိုတော့ မသိရသေးပေ။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်ကလည်း မိုးကုတ်အရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မီးဖွားနေသည့် အမျိုးသမီးအပါအဝင် ပြည်သူ ၂၁ ဦး ထိခိုက်သေဆုံးခဲ့ကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။
#မိုးကုတ် #ဂျက်ဖိုက်တာ #ဗုံးကြဲ #ThanLwinKhetNews