ခင်သရဖီဦး
စစ်ကောင်စီထိန်းချုပ်ထားသည့် စစ်တွေမြို့နယ်တွင် ဒေသခံများအား မကြာခဏ ဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်ခြင်း၊ အာရက္ခတပ်တော် AA နှင့် ဆက်စပ်သည့်ဟုဆိုကာ ဖမ်းဆီးတရားစွဲ၊ ထောင်ဒဏ်ချမှတ်မှုများရှိနေသည့်အတွက် ဒေသခံများမှာ စိုးရိမ်မှုများ မြင့်တက်နေကြသည်။
လက်ရှိတွင် စစ်တွေဒေသခံများအား အာရက္ခတပ်တော်နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေသည်ဟု ဒေသခံများက ဆိုသည်။
စစ်တွေဒေသခံ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးက ”လက်ရှိကတော့ မကြာခဏ ဖမ်းခံရတယ်။ သူတို့ မသင်္ကာရင်လည်း ဖမ်းတယ်။ ပိုက်ဆံ ညှစ်ချင်ရင်လည်း AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းသွားတာရှိတယ်။ လူတွေက အရမ်းစိုးရိမ်မှုတွေရှိတယ်။ ဖမ်းခံရတဲ့လူတွေကလည်း ပြန်လွတ်တာနည်းတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်က လမ်းမတော်(တောင်)ရပ်ကွက်မှ အသက် ၄၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးအား ညအချိန် လမ်းမတွင်ပင် ဖမ်းဆီးသွားပြီး ဩဂုတ်လ ၁၂ ရက်တွင် ရိုက်နက်ဒဏ်ရာ များဖြင့် သေဆုံးလျက် အိမ်ပြန်ပို့ခဲ့သည်ဟု သိရသည်။
ထိုသို့ ဖမ်းဆီးမှုများတွင် ရခိုင်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ ပူးပေါင်း၍ ညအချိန်တွင် ဖမ်းဆီးနေခြင်းဖြစ်သည်ဟု အဆိုပါ စစ်တွေ ဒေသခံက ဆက်ပြောသည်။
”ညအချိန်ဆို လူတွေ အပြင်ထွက်တာ အခုတလော ပိုနည်းလာတယ်။ ကြောက်ကြတာပေါ့လေ။ အကြောင်းပြချက်မရှိ ဖမ်းဆီးနေတာဆိုတော့ စိုးရိမ်ကြတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် စစ်တွေမြို့ ကမ်းနားလမ်းပတ်လည်တွင်လည်းကောင်း၊ မြို့ပတ်လမ်းတစ်လျှောက်တွင်လည်းကောင်း မြေမြုပ်မိုင်ထောင်ခြင်း၊ မြို့ဝင်မြို့ထွက်များအား ပိတ်ဆို့ထားခြင်းများအား ဆက်တိုက်လုပ်ဆောင်နေသည်ဟုလည်း သိရသည်။
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် အေအေ သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့သာ ကျန်ရှိနေပြီး အဆိုပါ မြို့များနှင့် ပြည်မသို့ ဆက်သွယ်သည့် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ကုန်းလမ်းခရီးသွားလာရေးလမ်းကြောင်းများအား ဖြတ်တောက်ထားသည်မှာ တစ်နှစ်ကျော်ခန့် ကြာမြင့်ပြီ ဖြစ်သည်။
#စစ်တွေ #ဒေသခံ #ဖမ်းဆီးခံရ #ThanLwinKhetNews