လူသားချင်းကူညီထောက်ပံ့မှုများ ရပ်ဆိုင်းခံထားရသည့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုတွင် နေထိုင်သူများအား တရားဝင်အလုပ်လုပ်ကိုင် ခွင့်ပြုသွားမည်ဟု ထိုင်းအလုပ်သမားရှာဖွေခန့်ထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ထိုင်း ရေဒီယိုလိုင်းတစ်ခုကို ပြောဆိုထားသည်။
“ဒီမှာက ထောက်ပံ့ကြေးလည်း ဖြတ်တောက်လိုက်ပြီးနောက်ပိုင်း ခိုးမှုတွေ ပိုများလာတယ်။ အလုပ်လုပ်ကိုင်ခွင့်ပြုမယ်ဆိုရင်တော့ အကောင်းဆုံးပဲ” ဟု အုန်းဖြန့်ဒုက္ခသည်စခန်းတွင် နေထိုင်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လလယ်ခန့်က ဒုက္ခသည်များအတွက် ထောက်ပံ့ကြေးများနှင့် တတိယနိုင်ငံသို ထွက်ခွာခွင့်များ ရပ်ဆိုင်းခံခဲ့ရသည့် ထိုင်းနိုင်ငံ နယ်စပ်က ဒုက္ခသည် စခန်းများတွင် နေထိုင်သူများအား တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တောင်းဆိုထားသည်။
အမေရိကန်သမ္မတ ထရမ့်တက်လာပြီးနောက် လူသားချင်းစာနာမှုအကူအညီများ ရပ်ဆိုင်း၊ ဖြတ်တောက်ခံလိုက်ရခြင်းကြောင့် အဆိုပါ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများမှာ စားသောက်ရေးအတွက် အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရသည်။
ထို့ကြောင့် ထိုင်း-နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျူဟာနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီထံသို့ ထိုင်း-မြန်မာနယ်စပ်တွင် ကူညီထောက်ပံ့မှုများ လုပ်ဆောင်နေသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ စာပေးပို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဒုက္ခသည်များ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရေးအတွက် တောင်းဆိုသည့် စာနှင့် ပတ်သက်၍ နိုင်ငံတော်လုံခြုံရေးနဲ့ နယ်ခြားကော်မတီဥက္ကဌက အမျိုးသားလုံခြုံရေးကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် တာ့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးတို့အတူ ဆွေးနွေး အဖြေရှာမည်ဟု ပြန်လည် တုံပြန်ခဲ့သည်။
လက်ရှိတွင်တော့ ထိုင်း ကမ္ဘောဒီးယား နယ်စပ်ပြဿနာဖြစ်ပွားပြီးနောက် ကမ္ဘောဒီးယား အလုပ်သမား သိန်းနှင့်ချီ ထိုင်းနိုင်ငံမှနေရပ်ပြန်သွားကြသည်။
ထိုကြောင့် ထိုင်းနိုင်ငံအနေဖြင့် လုပ်သား လိုအပ်ချက်မြင့်မားနေခြင်းကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများကို တရားဝင် အလုပ်အကိုင် ကမ်းလှမ်းခြင်းများ ရှိနေပြီး ဒုက္ခသည်စခန်းတွင် နေထိုင်သူများကိုပါ အလုပ်အကိုင်အခွင့်အလမ်းများ ပေးရန် ပြင်ဆင်လာခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် အစိုးရအချင်းချင်း သဘောတူညီမှု MOU စနစ်၊ ၁၀ နှစ်ခံကဒ်၊ နယ်စပ်ဖြတ်ကျော်ကဒ် အပြင် အခြားသော အထောက်အထားများဖြင့် တရားဝင် အလုပ်လုပ်ကိုင်နေသည့် ကမ္ဘောဒီးယား အလုပ်သမား ငါးသိန်းကျော်အထိ ရှိသည်ဟု အလုပ်သမားအရေးလှုပ်ရှားသူများက ဆိုသည်။
လက်ရှိ နှစ်နိုင်ငံကြား ပဋိပက္ခ အခြေအနေကြောင့် နေရပ်ပြန်သွားသည့် ကမ္ဘောဒီးယား အလုပ်သမား ၄ သိန်းနီးပါးခန့်ရှိသည်ဟု သိရသည်။
“ကျွန်မတို့ဆီက အလုပ်သမားတွေလည်း ပြန်သွားကြတာ တစ်ပတ်လောက်ရှိပြီ။ တချို့လည်း ဒီမှာ လုပ်နေတုန်းပဲ။ အပြင်တော့ မထွက်ဘူးပေါ့” ဟု ဘန်ကောက်အနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး တစ်ဦးက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် အလုပ်လုပ်ကိုင်နိုင်သည့် အရွယ်ရောက်ပြီးသူ ၄၂၀၀၀ ကျော်ရှိသည်ဟု ထိုင်းအလုပ်သမားရှာဖွေခန့်ထားရေးဦးစီးဌာန ကောက်ယူထားသည့် စာရင်းများ အရ သိရသည်။
#ထိုင်းမြန်မာနယ်စပ် #ဒုက္ခသည် #အလုပ်လုပ်ခွင့်ပြု #ThanLwinKhetNews