တအာင်းအမျိုးသာလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် စစ်မှုထမ်းရန် အဆင်သင့်မဖြစ်သေးသော ဂေါ်ရခါးလူမျိုး ၈၄ ဦးကို ပြန်လည်လွှတ်ပေးခဲ့သည်ဟု TNLA မှ ထုတ်ပြန်သည်။
ယမန်နေ့ ဩဂုတ် ၁၄ ရက်နေ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ်တားအိုမ်တမာဝ်းနှင့် ဂေါ်ရခါးပြည်သူလူထုတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအတွင်း စစ်မှုထမ်းရန် အဆင်သင့်မဖြစ်သေးသော ဂေါ်ရခါးလူမျိုး ၈၄ ဦးအား သက်ဆိုင်ရာတာဝန်ရှိသူနှင့် မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့သည်ဟု ဆိုသည်။
TNLAသည် မိုးကုတ်မြို့ရှိ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် ဒေသတွင်း တည်ငြိမ်ရေးကို ဆောင်ရွက်နိုင်ရန် ဂေါ်ရခါးပြည်သူလူထုကို ဖိတ်ခေါ်ခဲ့သော်လည်း တပ်ဖွဲ့အတွင်း စစ်မှုထမ်းရန် အဆင်သင့်မဖြစ်သေးသောကြောင့် ယခုကဲ့သို့ ပြန်လွှတ်ပေးခဲ့သည်ဟုဆိုသည်။
ထို့အပြင် ဂေါ်ရခါးပြည်သူလူထုများအနေဖြင့် ဒေသတွင်းအုပ်ချုပ်ရေး၊ သင်ကြားရေးပိုင်းနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို TNLA နှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့သည်ဟု ဖော်ပြထားသည်။
မိုးကုတ်မြို့သည် တအာင်းပလောင်တိုင်းရင်းသားများအပြင်၊ ဗမာ၊ ရှမ်း၊ လီဆူ၊ ဂေါ်ရခါး၊ တရုတ်နှင့် အခြားလူမျိုးများစုပေါင်းနေထိုင်သည့် မြို့လည်းဖြစ်သည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA မှ မိုးကုတ်မြို့အား ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး စစ်ကောင်ကောင်စီမှ နေ့စဉ်နီးပါး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေခြင်း ဖြစ်သည်။
ပုံစာ- မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်နေစဉ်။ (ဓာတ်ပုံ − TNLA)
#ဂေါ်ရခါးလူမျိုး #TNLA #ပြန်လွှတ် #ThanLwinKhetNews

