မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ လင်းရောင်ခြည် ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် အရပ်သား ၁၀ ဦးထက် မနည်းသေဆုံးခဲ့ရသည်ဟု သိရသည်။
ယမန်နေ့ ဩဂုတ် ၁၄ ရက်၊ ည ၈ နာရီခွဲကျော်တွင် မိုးကုတ်မြို့အရှေ့ပိုင်း ငါးပတ်တောင်အနီးရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းဝန်းကျင်ကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးနှင့် အသက် သုံးနှစ်အရွယ် ကလေးငယ် သုံးဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။
မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက “လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနားက အိမ်တွေအပေါ်ကို ကျတာ။ ကလေးတွေရော အဖိုးအဘွားတွေပါ သေကုန်တာ။ ဗိုက်ကြီးသည် တစ်ယောက်လည်း ပါသေးတယ်။ တချို့ဆို အလောင်းတောင် ရှာမတွေ့ဘူး” ဟု သံလွက်ခက်ကို ပြောသည်။
အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် နီးစပ်ရာ ဆေးရုံ ဆေးခန်းများ၌ ဆေးကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။
ထို့အပြင် KIA ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးမြို့နယ်ခွဲဘက်ကိုလည်း စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ယနေ့နံနက်အစောပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဩဂုတ် ၁၅ ရက် နံနက် ၁၂ နာရီခွဲအချိန်ခန့်တွင် မန်ဝိန်းကြီး အနီး ကောင်းခန်ရွာရှိ စစ်ကောင်စီစခန်းဟောင်းနှင့် ဟိုတုံရွာဘက်ကို ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မန်ဝိန်းဒေသခံတစ်ဦးက ပြောသည်။
“ကောင်းခန်ရွာမှာက အရင်က စကစ စခန်းဟောင်းရှိတယ်။ အဲဒီနေရာကို ပေါင် ၂၅၀ နှစ်လုံး ပစ်တာ။ နောက်ပြီး ဟိုတုံရွာထဲက ပေါင် ၅၀၀ တစ်လုံး ကျတယ်။ လူထိခိုက်မှုတော့ မသိဘူး” ဟု အသက် ၄၀လအရွယ် ဒေသခံအမျိုးသားက ပြောသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲအမြန်ဆုံး ကျင်းပနိုင်ရန်အတွက် သူတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်နေသည့် အပြင် လေကြောင်းမှလည်း အဆိုပါဒေသများရှိ သာသနိကအဆောက်အဦးများနှင့် ပြည်သူလူထုများ နေထိုင်ရာ နေရာများကို မကြာခဏဆိုသလို ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
ပုံစာ မိုးကုတ်နှင့်မန်ဝိန်းကြီးတွင် လေကြောင်းတိုက်ခိုက်သွားသည့်မြင်ကွင်း
#မိုးကုတ် #ဂျက်ဖိုက်တာ #ThanLwinKhetNews





