မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းရှိ အမှတ်(၁) သံမဏိစက်ရုံအတွင်း တပ်စွဲထားသော စစ်တပ်မှ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် တောင်သာမြို့နယ်၊ ရုံးပင် ကျေးရွာရှိ အိမ်တစ်အိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။
ဩဂုတ်လ ၁၃ ရက် ည ၉ နာရီကျော်တွင် မြင်းခြံမြို့အနီး အမှတ် (၁) သံမဏိစက်ရုံ အခြေစိုက် စစ်ကော်မရှင်တပ်သားများက ဟောင်ဝစ်ဇာဖြင့် ပစ်ခတ်ခဲ့ရာ တောင်သာမြို့နယ် ရုံးပင်ကျေးရွာမှ ကျောင်းဆရာမ တစ်ဦး၏ အိမ်ပေါ်သို့ ထိမှန်ခဲ့ခြင်း ဖြစ်သည်။
ယင်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး ကျောင်းဆရာမမှာ ဖနောင့်ထိမှန် ဒဏ်ရာရရှိခဲ့သည်။
“သံမဏိက ***တွေ ပစ်တဲ့ လက်နက်ကြီးက ရုံးပင်ရွာက Non-CDM ကျောင်းဆရာမရဲ့ အိမ်ပေါ်ကို တိုက်ရိုက်ထိမှန်ပါတယ်။ ကျွန်တော်တို့ သွားရောက်စစ်ဆေးတဲ့အခါ အမျိုးသားတစ်ဦးကတော့ သေဆုံးနေပါပြီ။ ကျောင်းဆရာမလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ဒဏ်ရာရရှိသူကို တတ်နိုင်သမျှ ဆေးဝါးကုသဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရုံးပင်ရွာဒေသခံ အမျိုးသမီးတဦးကလည်း “အိပ်နေတဲ့ အချိန် အိပ်ရာထဲမှာ ထိမှန်သွားတာပါ။ လင်မယားနှစ်ယောက်မှာ ယောက်ျားဖြစ်သူက နေရာမှာပဲ ဆုံးပါတယ်။ အမျိုးသမီးကတော့ ဒဏ်ရာရသွားပါတယ်”ဟု ပြောသည်။
ရုံးပင်ရွာသည် စစ်ကော်မရှင်တပ်သားများ တပ်စွဲရာ သံမဏိစက်ရုံ၏ တောင်ဘက် နှစ်မိုင်အကွာတွင် တည်ရှိသည်။ အဆိုပါ တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရန်းသမ်းပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။
#သံမဏိစက်ရုံ #စစ်တပ် #လက်နက်ကြီးပစ်ခတ် #သေဆုံး #ThanLwinKhetNews

