ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နှင့် မအီမြို့နယ်၊ လုံးတော်ပေါက်ကျေးရွာကို ယမန့်နေ့ ဩဂုတ်လ ၁၃ ရက်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် တောင်ကုတ်မြို့ မည်သည့်နေရာအား ပစ်ချခဲ့သည်ကို အတည်မပြုနိုင်သေးဟု တောင်ကုတ်ဒေသခံ အသက် ၃၀ အရွယ် တစ်ဦးက ပြောသည်။
၎င်းက ”တောင်ကုတ်မြို့ထဲကို မနေ့က ည ၅ နာရီ ၉ မိနစ်မှာ ဗုံးတစ်လုံး ပစ်ချသွားတယ်။ ဒါပေမယ့် အဲဒါကိုပဲ သိရတယ်။ အပျက်အစီးတွေကို မသိရသေးသလို ဘယ်နားကို ပစ်ချတယ်ဆိုတာကိုလည်း မသိရသေးပါဘူး” ဟု ဆိုသည်။
ထို့အတူ မအီမြို့၊ လုံးတော်ပေါက်ကျေးရွာကိုလည်း ညအချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ ”လုံးတော်ပေါက်ကျေးရွာကိုလည်း ဗုံးတစ်လုံး တစ်ဆက်တည်း ကြဲသွားတယ်။ အတိအကျတော့ ကျနော်တို့ စုံစမ်းနေတုန်းပါပဲ။ အထိအခိုက်ကတော့ ရှိနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်တွင်လည်း ကျောက်ဖြူမြို့နယ် မင်းပြာကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့အား ဗုံးနှစ်လုံးကြဲချခဲ့သည့်အတွက် အဆောက်အအုံများ ပျက်စီးသွားခဲ့သည်။
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် လူနေအိမ် ၁၀၅၀၂ လုံး၊ ဘာသာရေး အဆောက်အအုံ ၉၀ လုံး၊ စာသင်ကျောင်း ၄၅ ကျောင်း၊ ဆေးရုံဆေးခန်း ၁၂ ခု၊ တံတား ၂၂ စင်း၊ UN INGO NGO အဆောက်အအုံ ၃ ခုအပြင် အခြားအဆောက်အအုံ စုစုပေါင်း ၁၁၀၀ ကျော် ပျက်စီးခဲ့ရသည်ဟု AA က ထုတ်ပြန်ထားသည်။
ထို့အပြင် ဒေသခံ ၉၂၆ ဦး သေဆုံးပြီး၊ ၁၉၅၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ၉၄၇ ဦး ဖမ်းဆီးခံထားရကြောင်းလည်း အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။