အမရာနွေဦး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ရပ်ကွက်များတွင် စစ်မှုထမ်းရန် မဲပေါက်သော်လည်း စစ်မှုမထမ်းလိုသည့် ပြည်သူများသည် အုပ်ချုပ်ရေးမှုထံ တစ်ဦးလျှင် ကျပ် သိန်း ၆၀ မှ ၁၀၀ အကြား ပေးနေရသည်ဟု ဒေသခံများထံမှ သိရသည်။
ထိုသို့ မဲစနစ်ဖြင့် စစ်သားစုဆောင်းခြင်းကို စစ်ကောင်စီက စစ်သား လိုအပ်ချက်အပေါ် မူတည်၍ အချိန်သတ်မှတ်ချက်မရှိဘဲ ခေါ်ဆောင်နေခြင်း ဖြစ်သည်ဟု သိရသည်။ မဲပေါက်သူများအနေဖြင့် မလိုက်လိုပါက အုပ်ချုပ်ရေးမှူးအား ငွေပေးကာ ဖြေရှင်းနေရသည်ဟု ဒေသခံများများက ဆိုသည်။
“မဲနှိုက်ရတာကတော့ ကြာပြီ။ မနှစ်ကတည်းကပေါ့။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ငွေသိပ်မပေးရဘူး။ အခုကျ များလာတာ။ ပြီးတော့ မဲပေါက်လို့ ကိုယ်တိုင် မလိုက်နိုင်ရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ငွေပေးရပါတယ်” လို့ အသက်၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုသို့ ပြည်သူများထံမှ ယူထားသည့် ငွေကြေးများအား သက်ဆိုင်ရာအာဏာပိုင်များက ခွဲယူကြပြီး ကိုယ်စား စစ်မှုထမ်းမည့်သူများကိုလည်း ခွဲဝေပေးသည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီ၏ စစ်သားလိုအပ်ချက်ပေါ် အခြေခံ၍ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးမှ စစ်သားစုဆောင်းခြင်းများ လုပ်ဆောင်သကဲ့သို့ စစ်သားစုဆောင်း၍ မရနိုင်သည့် ရပ်ကွက်များတွင် လစဉ်ကြေး၊ အပတ်စဉ်ကြေးများ ပေးဆောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။
သို့သော် လစဉ်ကြေးများ ပုံမှန်ပေးဆောင်နေသော်လည်း စစ်မှုထမ်းရန် မဲနှိုက်၍ စစ်သားစုဆောင်းခြင်းများကိုလည်း လုပ်ဆောင်သည်ဟု ဆိုသည်။
“အင်အားလိုရင် လိုတိုင်း ပေါ်လစီတစ်ခုပြောပြီး ခေါ်တယ်။ မဲနှိုက်တယ်။ အဲလိုမှမဟုတ်လည်း ပေါ်တာဆွဲတာမျိုးတွေရှိနေတာပဲ” လို့ အသက်၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီက စစ်မှုထမ်း ဥပဒေပြဌာန်းပြီးနောက် တစ်နှစ်ကျော်အတွင်း စစ်သား ခုနှစ်သောင်းအထိ စုဆောင်းထားနိုင်ပြီဖြစ်သည်ဟု ၎င်းတို့ပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြချက်အရ သိရသည်။
#ကန့်ဘလူ #လာဘ်ထိုး #ThanLwinKhetNews