မြင်းခြံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ဦးဆောင်သည့် စစ်ကြောင်းများသည့် ပြီးခဲ့တဲ့ရက်ပိုင်းတွင် မြင်းခြံအရှေ့ခြမ်းရှိ ကျေးရွာနေ အပြစ်မဲ့ပြည်သူများ သေဆုံးစေသည်အထိ စစ်ရာဇဝတ်မှုများအား ဆက်တိုက်ကျူးလွန်နေသည်ဟု သိရသည်။
သီတာယုမွန်ဦးဆောင်သည့် အဖွဲ့သည် ဇူလိုင်က ၃၁ ရက်က စတင်၍ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံအရှေ့ဘက် ကျေးရွာများအား အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးဝင်ရောက်လာခြင်း ဖြစ်သည်။
အင်အား ၁၀၀၀ ကျော်ပါသည့် အဆိုပါ စစ်ကြောင်းသည် မြင်းခြံ-နွားထိုးကြီးလမ်းတလျှောက်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးရမ်းသန်းပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
“စစ်ကြောင်း ဘယ်နေ့က စထိုးတယ်လို့တော့ ကျွန်မတို့ အတိအကျမသိဘူး။ ကျွန်မတို့ရွာဘက်တွေကို စစ်ကြောင်း စထိုးတယ်လို့ ကြားတာတော့ ဩဂုတ်လ ၁ ရက်နေ့လောက်က ဖြစ်မယ်။ဘသူတို့ကတော့ နွားထိုးကြီး တမြို့နယ်လုံးကို စစ်ကြောင်းအရထိုးမယ်လို့ကြားတယ်။အခုအဓိက ထိုးနေတဲ့ရွာတွေကတော့ကန်ဆင့်၊ တံစိုး၊ မာန်လည်ရွာတွေကို ဦးတည်တာပါ” ဟု အသက် ၂၅ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဩဂုတ် ၃ ရက်ကလည်း ၎င်းတို့ ပစ်ခတ်သည့် လက်နက်ကြီးသည် ရွာကြီးကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဆေးလိပ်လိပ်နေသည့် မြေးအဖွား လေးဦး သေဆုံးခဲ့ရသည်။
နောက်တစ်ရက် ဩဂုတ် ၄ ရက်ကလည်း အဆိုပါ စစ်ကြောင်းသည် မြောက်ကုန်းကျေးရွာသို့ ရုတ်တရက်ဝင်ရောက်လာကာ ရွာသားများကို သေနတ်နှင့် ရမ်းသန်းပစ်ခတ်ခဲ့သောကြောင့် ရွာသား သုံးဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး သေနတ်သံကြောင့် အတက်ရောဂါရှိသူ ကလေး တစ်ဦး ထိတ်လန့်သေဆုံးခဲ့ရသည်။
ထို့အပြင် ဩဂုတ်လ ၉ ရက် ကလည်း မြင်းခြံမြို့နယ်ထဲက ဗလုံကျေးရွာကို ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးခဲ့သောကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး မီးလောင်စဉ် မပြေးနိုင်ဘဲ ပိတ်မိနေသည့် သက်ကြီးပိုင်းအမျိုးသမီး သုံးဦး မီးလောင် သေဆုံးခဲ့ရသည်။ ထိုနေ့တွင် ပျူစောထီးစစ်ကြောင်းနှင့် ထိပ်တိုက်တိုးသည့် ဗလုံကျေးရွာက အသက် ၄၀ အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးလည်း ခေါင်းဖြတ်သတ်ခံခဲ့ရသည်။
ထို့ပြင် ဆိုင်ကယ်နှင့် ထွက်ပြေးသည့် သားအမိ နှစ်ဦးကိုလည်း ဒရုန်းဖြင့် လိုက်လံတိုက်ခိုက်သောကြောင့် အသက် ၆ နှစ် အရွယ် ကလေးငယ် တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
မြင်းခြံမြို့နယ် အရှေ့ခြမ်းက စတင်ဝင်ရောက်လာသည့် အဆိုပါ စစ်ကြောင်းသည် မြင်းခြံမြို့နယ်မှ တဆင့် မြင်းခြံ အရှေ့ဘက်တွင် ရှိသည့် နွားထိုးကြီးမြို့နယ်ကို ဦးတည် ဝင်ရောက်နေခြင်း ဖြစ်သည်။
အဆိုပါ ပျူစောထီးတပ်သည် မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တလျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းဝင် မီးရှို့ဖျက်ဆီးခြင်းများ လုပ်ခဲ့သည့်အပြင် ဗလုံရွာ၌ တပ်စွဲစဉ် ရွာပတ်လည်တွင် မိုင်းများ ထောင်ခဲ့သောကြောင့် စစ်ဘေးရှောင် လှည်းတစ်စီး မိုင်းနင်းမိ၍ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးခဲ့ပြီး မိသားစုဝင်များလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် အဆိုပါ စစ်ကြောင်းသည် ကန်ဆင့်ရွာအရှေ့ဘက် နွားထိုးကြီးမြို့နယ်ထဲက ချင်းယား၊ လက်သမားကန်ရွာသို့ ရောက်ရှိနေပြီး ကျန်သည့် ကျေးရွာများကိုလည်း ဆက်လက်စစ်ကြောင်း ထိုးရန် ပြင်ဆင်နေသည်ဟု သိရသည်။
ဒေသခံ အမျိုးသမီးက “ကန်ဆင့်ရွာကတော့ သူတို့တွေ အခု တပ်စွဲထားပါတယ်။ ရွာထဲက အိမ်တွေက ပစ္စည်းတွေ ခိုးသယ်ပြီး နွာတွေသတ်စားကြတယ်” ဟု လက်ရှိအေခြအနေကို အတည်ပြုပြောသည်။
ထိုသို့ ပျူစောထီး စစ်ကြောင်းများကြောင့် နတ်ထား၊ သမုန်းကိုင်း၊ ကျောက်ရံ၊ ကန်ဆင့်၊ ဗလုံ၊ ဖုန်ရွာ၊ ဖောင်းကား၊ တံစိုး၊ ညောင်ပင် စသည့် ကျေးရွာများအပါအဝင် ကျေးရွာ ၁၅ ရွာ ထက်မနည်းက ပြည်သူ ၂၀၀၀၀ နီးပါး စစ်ဘေးရှောင်နေကြရပါသည်။
စစ်ရှောင်ပြည်သူ အများစုသည် တောထဲ သစ်ပင်များအောက်တွင် ဖြစ်သလို နေထိုင်နေကြရပြီး အရေးပေါ် အမိုးအကာနှင့် စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု သိရသည်။
ပုံစာ- ပျူစောထီးခေါင်းဆောင် သီတာယုမွန်တို့အဖွဲ့အားတွေ့ရစဉ်
Photo crd – Myanmar National Post
#မြေလတ်ဒေသ #ပျူစောထီး #ရာဇဝတ်မှုများဆက်တိုက်ကျူးလွန် #ThanLwinKhetNews