ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ရမ်းဗြဲဘက်တွင် စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်များအနေဖြင့် ဆေးဝါအကူအညီများလိုအပ်နေသည်ဟု သိရသည်။
လက်ရှိတွင် ဆေးဝါးများ အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီဖြစ်သော်လည်း ငွေကြေးမတတ်နိုင်သည့်အတွက် ဝယ်ယူရန် အခက်အခဲများရှိနေသည်ဟု ဒေသခံများက ဆိုသည်။
ကျောက်ဖြူမှ ရမ်းဗြဲတွင် စစ်ဘေးရှောင်နေသည့် အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ”ဆေးတွေကတော့ လိုချင်ရင် ဝယ်လို့ရတဲ့ အခြေအနေတစ်ခုကို ရောက်နေပါပြီ။ ငွေသား တတ်နိုင်ရင်တော့ ဝယ်နိုင်ပါတယ်။ ဆေးတစ်လုံးကအစ ဈေးမြင့်တက်နေလို့ တချို့လူတွေကကျ မတတ်နိုင်ဘူး။ အခက်အခဲကြုံရတယ်” ဟု ပြောသည်။
ထို့အပြင် သန္ဓေတားဆေးများလည်း ပြတ်လပ်ခြင်းနှင့် ဈေးနှုန်းမြင့်တက်မှုများရှိနေသောကြောင့် နွမ်းပါးသည့် စစ်ဘေးရှောင်များနှင့် ဒေသခံများအတွက် လိုအပ်ချက်များ ဆက်လက်ရှိနေကြသည်။
အသက် ၂၈ နှစ်အရွယ် သားဖွားဆရာမတစ်ဦးက “အခုက ကိုယ်ဝန်ဆောင်တွေအတွက်လည်း ကာကွယ်ဆေးတွေ မကြာခဏ ပြတ်သွားတာရှိတယ်။ နောက်ပြီး ဆရာမ မလုံလောက်တာလည်းရှိပါတယ်။ တားဆေးတွေလည်း မထိုးနိုင်ကြတဲ့ လူတွေကို တစ်ဝက်ယူပြီးတော့ ထိုးပေးပါတယ်။ တစ်ခါတလေ တားဆေးကလည်း ပြတ်သွားတာတွေရှိပါတယ်” ဟု ဆိုသည်။
ရမ်းဗြဲတွင် ရမ်းဗြဲမြို့နယ်မှ စစ်ဘေးရှောင်များအပြင် ကျောက်ဖြူဘက်မှ စစ်ဘေးရှောင် စုစုပေါင်း ၈၀၀၀ ခန့်အထိ ရှိနေသည်။
အာရက္ခတပ်တော် AA အနေဖြင့်လည်း ဆေးပေးခန်းများ ဖွင့်လှစ်ပြီး အခမဲ့ ကူညီပေးမှုများ လုပ်ဆောင်နေသော်လည်း လုံလုံလောက်လောက် ရရှိနိုင်သည့် အနေအထာမဟုတ်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။
Photo – Remree Youth Network
#ရမ်းဗြဲ #စစ်ဘေးရှောင် #ဆေးဝါးအကူအညီ #ThanLwinKhetNews