ခင်သရဖီဦး
ရခိုင်ပြည်သည် အပြီးသတ် လွတ်မြောက်မှုအနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
အာရက္ခပြည်သူ့ စစ်သည်တော်များနှင့် အာရက္ခပြည်သူ တစ်ရပ်လုံးအပါအဝင် မဟာမိတ်များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယင်းကဲ့သို့ လွတ်မြောက်မှု ရရှိနေခြင်း ဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။
”ဒီနေ့ အာရက္ခပြည်ဟာ အာရက္ခစစ်သည်တော်တို့၏ စွမ်းဆောင်မှု အာရက္ခပြည်သူ တစ်ရပ်လုံး၏ ခိုင်မာပြတ်သားတဲ့ ခံယူချက် ဇွဲ လုံ့လ အပြည့်နဲ့ ကြံ့ကြံ့ခံ ရပ်တည်မှု မဟာမိတ်တို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် စစ်အာဏာရှင် ထိန်းချုပ်မှုအောက်မှ အပြီးသတ် လွတ်မြောက်မှုနီးပါး အနေအထားသို့ ရောက်ရှိနေပြီးဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အတူ အေအေက အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP အပေါ်တွင် ရခိုင်လူငယ်များ ပြတ်ပြတ်သားသား ထောက်ခံပြီး ပူးပေါင်းပါဝင်မှုကိုလည်း အထူးကျေးဇူးတင်ကြောင်း ဦးခိုင်သုခက ဆိုသည်။
”အရွယ်ရောက်ပြီး အာရက္ခပြည်ချစ် လူငယ်အများစု အရေးပေါ်ပြဌာန်းချက် အပေါ် ပြတ်သားစွာ ထောက်ခံပြီးတော့ လွတ်လပ်တဲ့ စိတ်ဆန္ဒနဲ့ အတူ ကာကွယ်ရေးတာဝန်တွေကို တက်တက်ကြွကြွ လာရောက် ထမ်းဆောင်နေကြပါတယ်။ အဲဒီအတွက် အာရက္ခပြည်ချစ်လူငယ်တွေကို အာရက္ခပြည်နဲ့ အာရက္ခပြည်သူလူထုတစ်ရပ်လုံးကိုယ်စား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ဂုဏ်ယူကြောင်း အလေးအနက် ပြောကြားလိုပါတယ်” ဟု ဆိုသည်။
AA အနေဖြင့် NDEP (National Defense Emergency Provision) ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လမှစပြီး ရေးဆွဲပြဌာန်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။
လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်အတွင်း မြို့နယ်များထဲမှ တိုက်ခိုက်သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့သာ ကျန်ရှိတော့သည်။ သို့သော် အဆိုပါမြို့များအား သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေသည်မှာ ၂၀၂၅ ခုနှစ်စမှ ဖြစ်သော်လည်း လက်ရှိအချိန်အထိ ထိုးစစ်ဆင်နေရဆဲ ဖြစ်သည်။