ခင်သရဖီဦး
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေများတွင် အမျိုးသမီးများအား ဥပဒေအရ ကာကွယ်မှုနှင့် လုံခြုံမှုအား အပြည့်အဝပေးထားသည်ဟု ယမန့်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
ယခင် စစ်ကောင်စီ ထိန်းချုပ်ခဲ့သည့် အခြေအနေနှင့် လက်ရှိ အချိန်ကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် အမျိုးသမီးများနှင့် ပြည်သူများ၏ လုံခြုံရေးမှာ ယခင်ကထက် ပိုမို တိုးတက်လာနေသည်ဟု ဦးခိုင်သုခက ဆိုသည်။
“ULA ထိန်းချုပ်နယ်မြေတွေထဲမှာ နေထိုင်တဲ့ အမျိုးသမီးတွေ လုံခြုံမှု ဥပဒေအရ အကာအကွယ်ပေးမှု တွေ ၁၀၀ ရာခိုင်နူန်းရှိတယ်လို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီထိန်းချုပ်ခဲ့တဲ့အခြေအနေနဲ့ အခု ULA ထိန်းချုပ်ပြီးနောက်ပိုင်းအခြေအနေ အဲဒါတွေကို ချင့်ချိန်ကြည့်လိုက်ရင် ပြည်သူတွေ လုံခြုံရေး၊ အမျိုးသမီးတွေ လုံခြုံရေးတွေက အရင်ကထက် ပိုပြီးတော့ တိုးတက်မှုရှိလာတာကို ကျွန်တော် တို့ တွေ့မြင်ရပါတယ်”ဟု ၎င်းက ဆိုသည်။
ထို့အပြင် အမျိုးသမီးများအနေဖြင့် ကျူးလွန်မှု တစ်ခုခု ခံရပါက သက်ဆိုင်ရာ ဥပဒေ အဖွဲ့များကို ချက်ချင်း တိုင်ကြားနိုင်ပြီး အရေးယူခြင်းများ လုပ်ဆောင်သွားမည်ဟုလည်း ဆိုသည်။
သို့သော် အာရက္ခတပ်တော် AA ၏ ထိန်းချုပ်နယ်မြေများတွင် အဓမ္မမှုများ မကြာခဏ ကျူးလွန်ခံရသည့် အခြေအနေနှင့် အမှုကြန့်ကြာမှုများအား ရင်ဆိုင်နေကြရကြောင်း ပြည်သူများက ဆိုသည်။
ထို့ကြောင့် အမျိုးသမီး အဖွဲ့အစည်းများအနေဖြင့် သက်ငယ်မုဒိန်းမှုအပါအဝင် အဓမ္မ ပြုကျင့်မှုများအား ကျူးလွန်သည့် တရားခံများအား သေဒဏ်ပေးရန် တောင်းဆိုမှုများရှိနေခြင်းဖြစ်သည်။
ထိုသို့ တောင်းဆိုချက်များ ရှိနေသော်လည်း အာရက္ခတပ်တော် AA အနေဖြင့် ပြစ်မှု ကျူးလွန်သူများကို ဥပဒေဘောင်အတွင်းသာ အရေးယူသွားမည်ဟု ဦးခိုင်သုခက ပြောသည်။
“ကျွန်တော်တို့ အစိုးရကတော့ ဥပဒေပြင်ပ သတ်ဖြတ်မှုတွေကို မည်သည့်အခါမှ မလုပ်ပါ။ လူတစ်ယောက်ကို အပြစ်ရှိတယ်ဆိုရင် သူ့ကို တရားရုံးတင်ပြီးရင် အသေအချာ စစ်ဆေးပြီးမှ ပြစ်မှုကျူးလွန်ကြောင်း ထင်းရှာရင် ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတအောင် ကျွန်တော်တို့ဖက်က တရားရေးလုပ်ထုံးလုပ်နည်းတွေနဲ့ အညီ စီမံ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ထိုသို့ အပြစ်ကျူးလွန်သူများအား ပြင်ပတွင် ဥပဒေနှင့် မညီဘဲ နှိပ်စက်သတ်ဖြတ်မှုမှာ စစ်ကောင်စီ၏ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ပြီး စစ်အာဏာရှင် အဆက်ဆက် အုပ်ချုပ်ခဲ့သည့် အကျိုးဆက်တစ်ခုဖြစ်ကာ တရားရုံးမရောက်ဘဲ ဥပဒေမဲ့ သတ်ဖြတ်ခြင်းဖြစ်ကြောင်းလည်း ဦးခိုင်သုခက ဆိုသည်။
လက်ရှိ ရခိုင်ပြည်တွင် သက်ငယ်မုဒိမ်းမှုများနှင့် အဓမ္မ ပြုကျင့်မှုများ မြင့်တက်နေပြီး ကျူးလွန်သူများအား ထိရောက်သည့် ပြစ်ဒဏ်ပေးမှုပိုင်းတွင် အားနည်းမှုများ ရှိနေသည်ဟု ဒေသခံများနှင့် အရပ်ဘက်လူမှုအသိုင်းအဝိုင်းများမှ ထုတ်ဖော်ပြောဆိုထားကြသည်။
#ရခိုင်လွတ်မြောက်နယ်မြေ #ကာကွယ်မှု #အမျိုးသမီး #ThanLwinKhetNews