ခင်သရဖီဦး
ရခိုင်ပြည် ပညာရေးအတွက် အာရက္ခအမျိုးသားပညာရေးဌာနအနေဖြင့် သီးခြားဖြစ်သည့် ရခိုင် သင်ရိုးမူဘောင် တစ်ခုအား ရေးဆွဲနေသည်ဟု အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
ဦးခိုင်သုခက ”ရခိုင်စာသင်ရိုးမူဘောင်ပေါ့လေ။ အကုန်လုံးကို ရခိုင်လို ဆွဲနေတာဖြစ်တယ်။ ရခိုင်စာနဲ့ နေပြီးတော့ နိုင်ငံတကာ အဆင့်မှီအောင် ရေးဆွဲနေတာဖြစ်ပါတယ်” ဟု ဆိုသည်။
အာရက္ခအမျိုးသားပညာရေးအနေဖြင့် ခေတ်မီပြီး ရေရှည် အပြည့်အဝ သင်ကြားနိုင်သည့် သင်ရိုးညွှန်းတမ်းများအား ရေးဆွဲနေသည်ဟု သိရသည်။
”တိုင်းပြည့်ရဲ့ လိုအပ်ချက်နဲ့ ခေတ်မီတဲ့ ပညာရေးတစ်ရပ်ကို ဖော်ဆောင်နိုင်ဖို့၊ ရေတိုပညာရေး စီမံချက်နဲ့ ရေရှည်ပညာရေး ပေါ်လစီတွေအပြင် အရည်းအသွေး ပြည့်ဝတဲ့ သင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲနေပါတယ်။ ရခိုင် စာသင်ရိုးမူဘောင်ကို Great – 7 အထိ ရေးဆွဲပြီးဖြစ်ပါတယ်” ဟု ဆိုသည်။
ထို့အပြင် နောက်ထပ် သင်ရိုးများကိုလည်း ဆက်လက်ရေးဆွဲနေသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ -၂၄ ပညာသင်နှစ်တွင် အာရက္ခပြည်သူ့ပညာရေးဌာနအနေဖြင့် ၁၂ တန်း ကျောင်းသားကျောင်းသူ ၇၈၀၀ ကျော်ကို စာမေးပွဲ စစ်ဆေးခဲ့ပြီး လက်ရှိ ပညာရေးကဏ္ဍမှာလည်း ပုံမှန်လည်ပတ်လျက်ရှိသည်။
ထို့အပြင် အခြေခံပညာ တတ်မြောက်ပြီးဖြစ်သည့် ကျောင်းသူကျောင်းသားများအတွက်လည်း အဆင့်မြင့်တက္ကသိုလ် ပညာရေးအား မကြာမီသင်ကြားပေးနိုင်ရန် စီစဉ်ထားသည်ဟု ဦးခိုင်သုခက ဆက်ပြောသည်။
“အနာဂတ် အာရက္ခတိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ လိုအပ်တဲ့ လူစွမ်းအားတွေ ပြည့်ဝစေဖို့ ပညာရေးကဏ္ဍက အရေးပါတာမို့ တတ်သိပညာရှင်တွေ၊ ကျောင်းသားမိဘဆရာတို့က အာရက္ခပညာရေးမှာ ဝိုင်းဝန်းပူးပေါင်း ပါဝင်ပေးကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်တွင် အာရက္ခတပ်တော်အနေဖြင့် ပညာရေးကဏ္ဍ လည်ပတ်နိုင်အောင် ဆက်လက်ကြိုးစားမှုများရှိနေပြီး ပညာရေးတွင် လူ့စွမ်းအား အရင်းအမြစ်များလည်း လိုအပ်လျက်ရှိနေသည်ဟု သိရသည်။
တစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်အား စိုးရိမ်မှုများရှိနေသည့်အတွက် ဒေသခံများမှာ စာသင်ကျောင်းများတွင် ပညာမသင်ကြားနိုင်ဘဲ နေအိမ်တွင် စာသင်ဝိုင်းများ ပြုလုပ်ကာ ပညာသင်ကြားနေကြရသည်။
#ရခိုင်ပြည် #သင်ရိုးမူ #အာရက္ခတပ်တော် #ThanLwinKhetNews