ဘူးသီးတောင်တွင် ရိုဟင်ဂျာ ၆၀၀ ကျော်ကို အာရက္ခတပ်တော် AA က အစုလိုက်အပြုံလိုက် ပြင်းထန်သည့် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သည်ဟု Fortify Rights ၏ ထုတ်ပြန်ချက်မှာ စွပ်စွဲမှု တစ်ခုသာဖြစ်ပြီး AA အနေဖြင့် အပြင်းအထန် ကန့်ကွက်သည်ဟု ပြောရေးဆိုခွင်ရှိသူ ဦးခိုင်သုခက ယနေ့ ဩဂုတ်လ ၁၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ “ကိုယ်ကျိုးရှာတဲ့ လူတစ်စုက သူတို့ လုပ်နေကျအတိုင်း လုပ်ကြံဖန်တီး စွပ်စွဲချက်တွေပဲ ဖြစ်ပါတယ်။ ဒီစွပ်စွဲချက်တွေက အညံ့စား လုပ်ကြံသတင်းဖြန့်တာတွေ ဖြစ်ပါတယ်။ သို့သော် ဒီကိစ္စတွေကို နိုင်ငံတကာ သတင်းဌာနတွေ လူ့အခွင့်အရေးအဖွဲ့ဆိုတဲ့ လူတွေက ဝိုင်းပြီးတော့ ထပ်ဆင့်လုပ်ကြံဝါဒဖြန့်နေတာကိုလည်း တွေ့ရတယ်” ဟု ဦးခိုင်သုခက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလတွင် ဘူးသီးတောင်မြို့နယ်က ထန်းရှောက်ခံရွာတွင် နေထိုင်သည့် ရိုဟင်ဂျာလူမျိုး ၆၀၀ ကျော်အား AA မှ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟု သက်သေပြသော ဓါတ်ပုံများနှင့် အတူ အစီရင်ခံစာတစ်ခုကို Fortify Rights က ထုတ်ပြန်ခဲ့သည်။ သို့သော် AA မှ ၎င်းတို့အနေဖြင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်ထားခြင်းမရှိဘဲ AA အုပ်ချုပ်သည့် အချိန်မှ စတင်၍ ရခိုင်ပြည် းအတွင်း နေထိုင်သူ အားလုံးအား ခွဲခြားခြင်းမရှိဘဲ တန်းတူ အခွင့်အရေးရရှိသည့် လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်ရန် ကြိုးစားဖော်ဆောင် တည်ဆောက်နေသည်ဟု ဆိုသည်။ “လူမျိုး တစ်မျိုးတည်းကို ကွက်ပြီးတော့ အခွင့်အရေးပေးတာမျိုး၊ သီးခြားလုပ်ပေးတာမျိုးတော့ မရှိဘူးး။ အားလုံးကို တပြေးညီ ပြည်သူတွေ တန်းတူအခွင့်အရေးနဲ့ လူသိက္ခာရှိတဲ့ အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့အတွက် ကြိုးစားနေတာ ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။ ထို့အပြင် ရိုဟင်ဂျာများ သတ်ဖြတ်ခံရသည်ဟု ဖော်ပြခံရသည့် ဓါတ်ပုံသည် ဘူးသီးတောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၎င်းတို့၏ ဌာနချုပ်အား စွန့်ခွာစဉ် စခန်းချခဲ့သည့် ရွာအား AA မှ သုံးရက်ကြာ ပိတ်ဆို့ ချေမှုန်းတိုက်ခိုက်စဉ် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများသာ ဖြစ်သည်ဟုဆိုသည်။ ထိုသို့ သုံးရက်ကြာ တိုက်ပွဲအတွင်းတွင် စစ်ကောင်စီ တပ်သား ၃၀၀ နီးပါးခန့် သေဆုံးခဲ့သည်ဟုလည်း ဆိုသည်။ “အခုဓါတ်ပုံကို သေချာကြည့်ပါ။ စစ်ကောင်စီက ဆောင်းတဲ့ ဦးထုပ်တွေ၊ သေနေတဲ့ အရိုးစုတွေမှာ စွတ်ထားတဲ့ စစ်ဖိနပ်တွေဟာဆိုရင် သက်သေတွေ ဖြစ်ပါတယ်။ အခုပြောထားတဲ့ စွပ်စွဲထားတဲ့ ဓါတ်ပုံမှာပါတဲ့ အလောင်းတွေဟာ စစ်သားအလောင်းတွေသာ ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ရှင်းလင်းပြောဆိုသည်။ လက်ရှိ ရိုဟင်ဂျာများ သေဆုံးသွားသည့် ထွန်းရှောက်ခံရွာတွင် ၂၀၁၇ ခုနှစ် စာရင်းများအရ လူဦးရေ ၉၉၃ ဦး ရှိသည်ဟု စာရင်းများက ဖော်ပြထားသော်လည်း လက်ရှိတွင် လူဦးရေ ၇၉၁ ဦးရှိသည်ဟု ရွာအုပ်ချုပ်သူမှ ပြောသည်။ အဆိုပါ ရွာတွင် နေထိုင်သူများသည် စစ်ပွဲ ဖြစ်ပွားပြီးနောက် နယ်စပ်ဒေသဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနှင့် မြန်မာနိုင်ငံ ပြည်မဘက်သို့ ပြောင်းလဲ အခြေချခြင်းများ ရှိနေသည်ဟုလည်း ဆိုသည်။ ထို့အပြင် ယင်းဒေသသို့ သွားရောက်၍ သတင်းရယူလိိုပါက လုံခြုံရေး အခြေအနေများ စီစဉ်၍ AA မှ တာဝန်ယူ ပို့ဆောင်ပေးသွားမည်ဟု ဦးခိုင်သုခမှ ကတိပြုပြောဆိုခဲ့သည်။