ရှမ်းပြည်နယ်မြောက်ပိုင်း၊ ညီနောင်မဟာမိတ် သုံးဖွဲ့ အုပ်ချုပ်ရေးဒေသ၊ မိုင်းယု (၁၀၅) မိုင်တွင် ကယ်ဆယ်ထိန်းသိမ်းထားသည့် ကျားဖြန့်လုပ်ငန်း၌ လုပ်ကိုင်နေသော ရဝမ်ဒါနိုင်ငံသား နှစ်ဦးအား တရုတ် ယူနန်ပြည်နယ်မှ ဆက်ဆံရေးတာဝန်ခံထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
အဆိုပါ အသက် ၂၅ နှစ်အရွယ် ရဝမ်ဒါနိုင်ငံသား နှစ်ဦးအား သြဂုတ်လ ၁၀ ရက်တွင် တရုတ်မြန်မာနယ်စပ် “ဝမ်တိန်” ဂိတ်မှတဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆက်ဆံရေးတာဝန်ခံထံသို့ လွှဲပြောင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ နှစ်ဦးအား ပြီးခဲ့သည့် မေလ ၂၂ ရက်တွင် မိုင်းယု (၁၀၅) မိုင် စစ်ဆေးရေးဂိတ်တစ်ခုအားဖြတ်သန်းချိန် အာရက္ခတပ်တော် -AA (မီးနဂါးစစ်ဒေသ)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLA တို့မှ စစ်ဆေးထိန်းသိမ်းထားပြီး နှစ်နိုင်ငံ ဆက်သွယ်မှုများ ပြုလုပ်ကာ ယခုကဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် သြဂုတ် ၆ ရက်ကလည်း တရုတ်နိုင်ငံသား ကျားဖြန့်ဝန်ထမ်း ၁၁ ဦးကို အာရက္ခတပ်တော် -AA (မီးနဂါးစစ်ဒေသ) ရဲဌာနမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သေးသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှ စတင်ကာ လက်ရှိအချိန်ထိ နှိမ်နင်းဆဲ ဖြစ်သည်။ ထိုသို့ နှိမ်နင်းနေခြင်းကြောင့် မြဝတီမြို့နယ်တစ်လျှောက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများမှာ ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ပြောင်းရွှေ့ခြင်းများ ရှိလာသည်ဟု ဒေသခံများထံမှ သိရသည်။
#ရဝမ်ဒါနိုင်ငံ #တရုတ် #လွှဲပြောင်း #ThanLwinKhetNews

