စစ်ကောင်စီတပ်များက မြင်းခြံ နွားထိုးကြီးလမ်းတလျှောက်အား စစ်ကြောင်းထိုးနေပြီး ကျေးရွာများမှ ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများ လုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် မြင်းခြံမြိုအတွင်းမှ ထွက်ခွာလာပြီးနောက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ရွာများ အတွင်း ဝင်ရောက်စဉ် တွေ့ရှိရသော ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံအချို့က ဆိုသည်။
“စစ်ကောင်စီက မြို့ထဲက ထွက်လာပြီး ခမရ ၁၅ ထဲမှာ တထောက်နား၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ပြီး မြင်းခြံ-နွားထိုးကြီးကားလမ်းအတိုင်း တက်လာတာပါ။ လမ်းတလျှောက်က ရွာတွေကိုလည်း မီးရှို့တာတွေ ဆက်တိုက်လုပ်နေပါတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် ဩဂုတ်လ ၃ ရက်က ရွာကြီးကျေးရွာမှ ဆေးလိပ်လိပ်နေသော မိသားစုအပေါ် ကျရောက် ပေါက်ကွဲ၍ သုံးဦးသေဆုံးကာ လေးဦး ဒဏ်ရာရခဲ့သည်။
ထို့အပြင် ဩဂုတ်လ ၄ ရက်ကလည်း မြောက်ကုန်းကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်စဉ် ရွာရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် လေးဦးကို ပစ်သတ်ခဲ့သောကြောင့် ဩဂုတ်လပထမအပတ်အတွင်းမှာတင် မြင်းခြံခရိုင်ထဲ၌ ဒေသခံ အမျိုးသမီး ခြောက်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ခုနစ်ဦး သေဆုံးခဲ့ရသည်။
ယနေ့နံနက်ပိုင်းကလည်း ဗလုံရွာကို စစ်တပ်မှ မီးရှို့နေသည်ဟု မျက်မြင်တွေ့ရသူများက ပြောသည်။ ထိုသို့ စစ်ကောင်စီ၏ စစ်ကြောင်းအန္တရာယ်ကြောင့် မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အစပ်ရှိ ကျေးရွာပေါင်း ၁၀ ရွာ ကျော်မှ ပြည်သူ ၆၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရသည်ဟု သိရသည်။
#မြင်းခြံ #စစ်ကောင်စီစစ်ကြောင်း #ရွာမီးရှို့