မြဝတီမြို့နယ် တကြောက ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၂၀ ဦးအား ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ မှ တစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ သည်ဟု သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်တွင် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေသည့် ပါကစ္စတန်နိုင်ငံသား တစ်ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၁၉ ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ နိုင်ငံခြားသားများသည် ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် ကျောက်ခတ်နယ်မြေများရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်သည်။ ထို့အပြင် ဩဂုတ်လ ၈ ရက်တွင်လည်း ယင်းနယ်မြေရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေသည့် တောင်ကိုရီးယားနိုင်ငံသား တစ်ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား တစ်ဦး၊ ဖိလစ်ပိုင်နိုင်ငံသားနှစ်ဦး၊ တရုတ်နိုင်ငံသားငါးဦးနှင့် မလေးရှားနိုင်ငံသား တစ်ဦး စုစုပေါင်း ၁၀ ဦးတို့ကို ထိန်းသိမ်းနိုင်ခဲ့သည်ဟု သိရသည်။
ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများအား စတင်နှိမ်နင်းသည့် ဇန်နဝါရီ ၃၀ မှ ဩဂုတ် ၈ ရက်အထိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးပြီး ဖြစ်သည်ဟု စစ်ကောင်စီပိုင် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
သက်ဆိုင်ရာအာဏပိုင်များမှ ထိန်းသိမ်းထားသည့် နိုင်ငံခြားသား ၂၃၀ ကျော် ကျန်ရှိနေသေးပြီး ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် ပြင်ဆင်နေသည်ဟုလည်း သိရသည်။