ကိုနီတာ
အလုပ်သမားအခွင့်အရေးများဆောင်ရွက်နေသော သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) STUM အဖွဲ့ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးအပါအဝင် အမျိုးသား လေးဦးနှင့် အမျိုးသမီး ခြောက်ဦးကို စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၇ ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့သည်။
ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်များ၌ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသော ဒေါ်မျိုးမျိုးအေးအပါအဝင် ၈ ဦးကို ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်တရားရုံး၊ ကျန်အမျိုးသမီးနှစ်ဦးကို အင်းစိန်မြို့နယ်နှင့် မြောက်ဥက္ကလာပတရားရုံးများတွင် ရုံးထုတ်စစ်ဆေးခဲ့သည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။
“အလုပ်သမားတွေကို ဆူပူဆန္ဒပြအောင်လှုံ့ဆော်တယ်လို့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ ကုမ္မဏီ (၅) ခု က စွပ်စွဲချက်နဲ့ စုပေါင်းပြီးတိုင်တန်းတယ်လို့ သိရပါတယ်” ဟု ၎င်းကပြောသည်။


STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး၏ နေအိမ်သို့ ဇူလိုင်လ ၂၅ ရက် ည ၉နာရီ ၃၀ မိနစ်အချိန်တွင် အရပ်ဝတ် ဆယ်ဦးမှ ဧည့်စာရင်းစစ်မည်ဟု ပြောဆိုရောက်ရှိခဲ့သည်။
၎င်းနောက် ဒေါ်မျိုးမျိုးအေးအား ဖမ်းဆီးပြီး ဖုန်း၊ လက်တော့ကွန်ပျူတာနှင့် တို့အားသိမ်းဆည်းသွားခဲ့ပြီး ရုံးနေရာသို့ ထပ်မံသွားရောက်ကာ ကွန်ပျူတာများနှင့် Harddisk များကို သိမ်းဆည်းယူဆောင်သွားခဲ့သည်။
ထိုသို့ ဖမ်းဆီးခံခဲ့ရပြီးနောက် ဒေါ်မျိုးမျိုးအေးအား ဩဂုတ်လ ၂၈ ရက်အထိ အဆက်အသွယ် မရတော့သည့် အခြေအနေကို သမီးဖြစ်သူ မခြူးသွယ်မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
ယင်းနေ့ ညနေ ၆ နာရီတွင်စစ်ကောင်စီအဖွဲ့ဝင်များက STUM ရုံးခန်းသို့ ရောက်ရှိလာပြီးနောက် မခြူးသွယ်အပါအဝင် အမျိုးသားဝန်ထမ်း ၃ ဦးနှင့် အမျိုးသမီးဝန်ထမ်း ၄ ဦးကို ဖမ်းဆီးပြီးနောက် ရုံးတံခါးများကို သော့ခတ်သိမ်းဆည်းသွားခဲ့သည်။
၎င်းနေ့ ညပိုင်းတွင်လဲ ဝန်ထမ်း (၂)ဦးထပ်မံ ဖမ်းဆီးခံ ခဲ့ရသည်။
“ဩဂုတ်လ၂၉ရက်မှာ ရုံးခန်းသော့ ပြန်ဖွင့်ပေးပြီးတော့ ဝန်ထမ်းညစောင့် ဦးလေးကို ရုံးထဲက ပစ္စည်းတွေကို မပျောက်အောင် နေ့/ည စောင့်ဖို့ ပြောဆိုခဲ့တယ်လို့တော့ သိရပါတယ်” ဟု STUM ရုံးနှင့် ချိတ်ဆက်လုပ်ကိုင်ခဲ့သူတစ်ဦးက ပြောသည်။


လက်ရှိအချိန်တွင် STUM တည်ထောင်သူ ဒေါ်မျိုးမျိုးအေး၊ မခြူးသွယ်၊ ရုံးဝန်ထမ်းများဖြစ်သော မဟေမာန်ဦး၊ မမြင့်မြင့်ခိုင်၊ မစုမြတ်နွယ်၊ မဂျွန်တူးမောင်၊ ကိုသီဟထွန်း၊ ကိုကျော်သက်နိုင်၊ ကိုဇော်ထိုက်၊ ကိုဇော်ဆန်းနိုင်တို့မှာ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ ကုမ္မဏီ (၅) ခု၏ စုပေါင်းတိုင်တန်းမှု ကြောင့် ဖမ်းဆီးခံခဲ့ရသည်။
“လက်ရှိ ကနဦးသိထားရတာကတော့ တရားမဝင် အသင်းအဖွဲ့စည်းမူ၊ အလုပ်သမားများ ဆူပူအောင် စည်းရုံးလှုံ့ဆော်မှုတွေနဲ့ တရားစွဲမယ်မလားမသိဘူး”ဟု အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ အချို့ထံမှသိရသည်။
အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး ဖမ်းဆီးခံရခြင်းသည် အဖွဲ့အစည်း မှတ်ပုံမတင်ဘဲ လုပ်ဆောင်ရွက်နေသည့် အရပ်ဖက်အဖွဲ့အစည်းများအား ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည့် အပြင် အလုပ်သမားအရေးဆောင်ရွက် နေသူများအနေဖြင့် အထူးသတိထားဆောင်ရွက် ရမည်။ အလုပ်သမားများ လုပ်ခလစာတိုးမြှင့်ပေးရန် တောင်းဆိုခြင်းမှာ ခေတ်နှင့်မလျော်ညီသော လုပ်ခလစာရရှိနေခြင်းကြောင့် ဖြစ်သည် ဟု ၎င်းတို့က ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီး ၂၅ရက်အကြာမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)၏ လွတ်လပ်စွာသင်းပင်းဖွဲ့စည်း ခွင့် Freedom of Association Convention 87 ကို ချိုးဖောက်ပြီး STUM အပါအဝင် အလုပ်သမားရေးရာ အဖွဲ့အစည်း (၁၆) ဖွဲ့ကို တရားမဝင်အသင်း အဖြစ်ကြေညာခဲ့သည်။
#အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ #ဒေါ်မျိုးမျိုးအေး #ရုံးထုတ်စစ်ဆေး #ThanLwinKhetNews