ကိုနီတာ
စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီခန့်ထားသော ယာယီသမ္မတဦးမြင့်ဆွေသည် ဩဂုတ်လ ၇ ရက်၊ နံနက် ၈ နာရီ ၂၈ မိနစ်အချိန်တွင် ကွယ်လွန်သွားပြီဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
ဦးမြင့်ဆွေမှာ အမှတ် ၂၊ စစ်ဆေးရုံ ကုတင် ၁၀၀၀ ရှိ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူခဲ့သော်လည်း ကွယ်လွန်သွားခဲ့သဖြင့် နိုင်ငံတော်ဈာပနအဖြစ်လုပ်ဆောင်သွားမည်ဟု ကာလုံက သတင်းထုတ်ပြန်ခဲ့သည်။
ယင်းသို့ကွယ်လွန်သွားခြင်းအပေါ် ဝမ်းနည်းကြောင်းမှတ်တမ်းတင်သည်ဟု စစ်ကောင်စီဦးဆောင်နေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ကလည်း ယခုနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။


၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စစ်တပ်ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြု တင်မြှောက်ခဲ့သည်။ ၂၀၁၆ မတ်လ ၁၅ ရက်တွင် ၂၁၃ မဲဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဒုတိယသမ္မတ (၁) ဖြစ်လာခဲ့သည်။[


၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ရာ အခြေခံဥပဒေအရ ဦးမြင့်ဆွေသည် ယာယီသမ္မတအဖြစ် ကျမ်းကျိန်ဆိုကာ လွှတ်တော်မှ သမ္မတအသစ် ရွေးချယ်တင်မြှောက်သည်အထိ ဆောင်ရွက်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီး သမ္မတဦးဝင်းမြင့်ကို ရာထူးမှ ဖယ်ရှားခဲ့ရာ ဦးမြင့်ဆွေသည် ယာယီသမ္မတ ဖြစ်လာခဲ့သည်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းခဲ့ပြီးနောက် ဦးမြင့်ဆွေသည် မည်သူကမှ အတည်ပြုခန့်အပ်ခြင်းမရှိဘဲ ယာယီသမ္မတအဖြစ် နေရာယူပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာများအား စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲပြောင်းပေးခဲ့သည်။


ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့်ရောဂါ (Parkinson’s Disease)နှင့် ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား စတင် ခံစားလာခဲ့ရသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center တွင်လည်းကောင်း၊ မေလ ၂၇ ရက်မှ ဇွန်လ ၁၈ ရက်အထိ အမှတ် (၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) တွင်လည်းကောင်း ဆေးကုသမှုများ ခံယူခဲ့ရသည်။
ထိုသို့ ကုသခဲ့သော်လည်း ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည့်အတွက် ယာယီသမ္မတ တာဝန်များကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက် တွင် ဦးမြင့်ဆွေ သည် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရပြီးနောက် ၂၀၂၅ ခုနှစ် ဩဂုတ် ၅ ရက် တွင် ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေသည် အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်နေသည်ဟု အမျိုးသားကာ ကွယ်ရေး နှင့်လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
ယင်းသို့ ကုသခံနေစဉ်အချိန်ကာလအတွင်း ကွယ်လွန်ပြီးဖြစ်ကြောင်း သတင်းများ မကြာခဏထွက်ပေါ်လာပြီးနောက် ယနေ့နံနက်ခင်းတွင် အမှန်တကယ်ကွယ်လွန်သွားပြီးဖြစ်ကြောင်း ကာလုံအပါအဝင်၊ စစ်ကောင်စီဝါဒဖြန့်မီဒီယာအသီးသီးမှ သတင်းထုတ်ပြန်ခဲ့သည်။
#ယာယီသမ္မတဦးမြင့်ဆွေ #နိုင်ငံတော်ဈာပန #ကွယ်လွန် #ThanLwinKhetNews