စစ်ကောင်စီသည် ဇူလိုင်လ အတွင်းတွင် လေကြောင်းတိုက်ခိုက်မှုများအား ပိုမိုလုပ်ဆောင်ခဲ့ခြင်းကြောင့် အမျိုးသမီး သေဆုံးမှုနှုန်းက ဇွန်လတွင် သေဆုံးခဲ့သည့် နှုန်းထက် တစ်ဝက်နီးပါးခန့် မြင့်တက်လာသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ အမျိုးသမီးမှတ်တမ်း နှင့်သုတေသ မှတ်တမ်းများအရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ တစ်လတည်းတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းများကြောင့် အမျိုးသမီး ၆၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈၀ အထိ ရှိခဲ့သည်ဟု သုတေသနမှတ်တမ်းတွင် ဖော်ပြထားသည်။
ဇွန်လတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၄ ဦး ရှိခဲ့သောကြောင့် ဇူလိုင်လတွင် သေဆုံးမှုနှုန်း မြှင့်တက်နေသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၅၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၇ ဦးအထိ ရှိခဲ့သည်။
ထို့အပြင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၁ ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
စစ်ရေး ပဋိပက္ခဖြစ်ပွားမှု မြင့်တက်နေသည့် စစ်ကိုင်းတိုင်းတွင် ဇူလိုင်လ တစ်လတည်းတွင် အမျိုးသမီး ၂၈ ဦး သေဆုံးခဲ့ပြီး မန္တလေးတိုင်းနှင့် ကရင်နီတွင် ကိုးဦးနှင့် မကွေးတိုင်းတွင် ၃ ဦးသေဆုံးခဲ့သည်။