ခင်သရဖီဦး
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာတွင် ဗုံးသီးအား ဆော့ကစားရာမှ ပေါက်ကွဲမူ ဖြစ်ပွားပြီး ၃ နှစ်အရွယ် ကလေး တစ်ဦး သေဆုံးပြီး လေးဦး အပြင်းအထန် ဒဏ်ရာရသွားသည်ဟု ဒေသခံများထံမှသိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်က ကျေးရွာအတွင်းမှ ရရှိလာသည့် လက်ပစ်ဗုံး တစ်လုံးအား ဆော့ကစားမိရာမှ ထိမှန်ကာ သေဆုံးခြင်းဖြစ်သည်ဟု အသက် ၂၆ နှစ်အရွယ် မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ ”လက်ပစ်ဗုံးက ရွာထဲက အိမ်တစ်အိမ်ရဲ့ ခြံဝင်းထဲက ရလာတာလို့ သိရတယ်။
ကလေးတွေ ကစားရင်း ရလာတာ ဖြစ်မယ်။ အဲဒါကို ကစားကြလို့ အခုလို ဖြစ်သွားတာ” ဟု ၎င်းက ဆိုသည်။ ထိုကဲ့သို့ ဆော့ကစားမိရာမှ အသက် ၃ နှစ်အရွယ် မောင်မျိုးမြတ်ဖြိုး သေဆုံးခဲ့ပြီး နောက်ထပ် ကလေးငယ် လေးဦးမှာလည်း ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်ဟု သိရသည်။
၎င်းအမျိုးသမီးက ဆက်ပြီး ”အခုကတော့ ထိခိုက်သွားတဲ့ ကလေးတွေက ဆေးကုနေကြတယ်လို့ သိရတယ်” ဟု ဆိုသည်။ လက်ရှိတွင် ရခိုင်ဒေသခံများအနေဖြင့် တောတောင်များအား မှီခိုအားကိုးပြီး ရှာဖွေ စားသောက်နေရသည့်အတွက် မြေမြုပ်မိုင်း၊ စစ်ကျန်လက်နက်များအား နင်းမိပြီး အသက်သေဆုံးခြင်းနှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးမူများလည်း ရှိနေသည်။
အာရက္ခတပ်တော် AA အနေဖြင့် ထိန်းချုပ်နယ်မြေများတွင် မိုင်းရှင်းလင်းမူများ၊ အသိပညာပေးများအား လုပ်ဆောင်နေသော်လည်း ယခုကဲ့သို့ ဖြစ်စဥ်များအား ကြုံတွေ့နေရဆဲ ဖြစ်သည်။