ထိုင်း – ကရင်နယ်စပ်၊ သောင်ရင်းမြစ်ဘေးရှိ ဝေါ်လေဗျူဟာကုန်းမကျရေးအတွက် စစ်တပ်ဘက်မှ လေကြောင်းပိုမိုအသုံးပြုလာသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ ယခု ရက်သတ္တပတ်အတွင်း စစ်တပ်ဘက်မှ ဝေါ်လေဗျူဟာသို့ လေယာဥ်ဖြင့် ရိက္ခာချပေးခြင်း၊ ခဲယမ်းကျည်များချပေးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်လာသည်။
မြေပြင်ရဲဘော်တစ်ဦးက “ပြီးခဲ့တဲ့ရက်ကဆိုရင် တောက်လျှောက်ပဲ ပစ္စည်းလာချတာ။ မနေ့ကဆိုရင်လည်း လာချလိုက်၊ ပြန်လိုက် နှစ်ခေါက်၊ သုံးခေါက်လောက် ရှိမယ်။ ဒီနေ့က Y- 12 နဲ့ လာကြဲတာ။ ထပ်လာဦးမလား မသိသေးဘူး” ဟု ပြောသည်။
စစ်တပ်၏ လေယာဥ်ကြဲချမှုကြောင့် ထိခိုက်ကျဆုံးမှုမရှိသော်လည်း ယမန်နေ့က စစ်တပ်ဘက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ရသည်ဟု မြေပြင်ရဲဘော်များ၏ ပြောကြားချက်အရ သိရသည်။ ထို့အပြင် ယမန်နေ့က စစ်ကောင်စီလာချသည့် ခဲယမ်းအချို့ကို ပူးပေါင်းတပ်ဘက်မှ ထပ်မံရရှိခဲ့သေးသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နှင့် ဇူလိုင်လ ၃၁ ရက်တွင်လည်း စစ်ကောင်စီလာချသည့် 5.56 ကျည်၊ 81ကျည် နှင့် 60 မမ ကျည်တို့ကို ပူးပေါင်းတပ်ဘက်မှ ရရှိခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်ကလည်း anti jamming System GPS ပါသည့် စစ်တပ် ဒရုန်းအသစ်တစ်စင်းကို ပူးပေါင်းတပ်ဘက်မှ ရရှိခဲ့သည်။
လက်ရှိအချိန်တွင် ပူးပေါင်းတပ်ဘက်မှ ဝေါ်လေဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းမှုများရှိသလို စစ်ကောင်စီဘက်မှလည်း ကာမီကာဇေ အသေခံဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ လေကြောင်းဖြင့် ရိက္ခာခဲယမ်းများ ဖြည့်တင်းခြင်းများ ပြုလုပ်လျက်ရှိသည်။
ဝေါ်လေဗျူဟာကုန်းစခန်းတွင် စစ်ကောင်စီအင်အား ၅၀၀ ဝန်းကျင်ရှိပြီး စခန်းကုန်းနှစ်ခု၊ ကာကင်းစခန်းငါးခု ရှိသည်ဟု သိရသည်။ ဝေါလေဗျူဟာကုန်းစခန်းကို တော်လှန်ရေးတပ်များ ဇူလိုင် ၂ ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
မြဝတီမြို့တောင်ဘက်က မြန်မာ-ထိုင်းနယ်စပ်တွင် တော်လှန်ရေးတပ်များ သိမ်းပိုက်ရန် ဝေါ်လေဗျူဟာနှင့် တီသဲလယ် ကာကင်းစခန်းသာ ကျန်သည်။
ပုံစာ – ယမန်နေ့ စစ်တပ်ဘက်မှ လာချသည့် ကျည်အချို့ကို ပူးပေါင်းတပ်ရရှိ။ (ဓာတ်ပုံ – Tin Htoo Aung)